Friday, August 9, 2019
ကလေးငယ်နှင့် အရေးပေါ်
ကလေးငယ်နှင့် အရေးပေါ်
🌹🌹🌹🌹🌹🌹🌹
အိမ်မှာ ကလေးရှိလျှင် အရေးပေါ်အသက်ကယ်နည်းကို သိထား၊ လေ့ကျင့်ထားလျှင် ကောင်းသည်။ အရေးပေါ်လူနာတင်ကား မလာခင်၊ ဆေးရုံမရောက်ခင် အသက်ကယ်နည်းသုံးနိုင်သည်။
အရုပ်နှင့် (၃-၄) ခါ ကျင့်ထားပြီး ပုံမှန်ပြန်လေ့ကျင့်လျှင် လိုအပ်သည့်အခါ ကိုယ့်ကလေး သူများကလေးကို ကယ်တင်နိုင်ပါသည်။
ကလေး ရုတ်တရက် သတိလစ်လျှင်
🌿🌿🌿🌿🌿🌿🌿🌿🌿
ပုံ (၁) ကလေးပါးစပ်ထဲ အစာ၊ သွေး၊ အန်ဖတ် ရှိမိရှိကြည့်ပါ။ ရှိလျှင် လက်သန်းသုံး၍ အသက်ရှူ လမ်းကြောင်းပွင့်ရန် အမြန်ဖယ်ထုတ်ပါ။ ကလေးကို ကျောတွင်  လှဲချသော ပုံစံထားပါ။
ပုံ (၂) ကလေး အသက်ရှူမရှူ သိရန် နှာဝတွင် သင့်ပါးကို လေတိုးမတိုးစစ်ပါ။ ရင်ဘတ် လှုပ်ရှားမှု ရှိမရှိကြည့်ပါ။
ပုံ (၃) ကလေး အသက်ရှူလျှင် ကလေးကို ပုံပြထားသည့် အနေအထားနှင့် အရေးပေါ်ဌာနသို့ ခေါ်သွားပါ။ လမ်းတလျောက် ကလေး အသက်ရှူမရှူ ပုံမှန်စစ်သွားပါ။
အဆင့် (၄) ကလေး အသက်မရှူလျှင် အနားမှ လူကို အရေးပေါ် လူနာတင်ကားခေါ်ခိုင်းပါ။ ကိုယ်ပိုင်ကားက ပိုမြန်လျှင် မောင်းမည့်သူကို အော်ခေါ်ပါ။
ပုံ (၅) တချိန်တည်းတွင် အသက်ကယ်ဖို့ စတင်ပါ။ လက်ချောင်း (၂) ချောင်းသုံး၍ ကလေး ရင်ဘတ်အလယ်တွင် ရင်အုံ အနက် (၃)ပုံ (၁) ပုံ ဝင်အောင် (၁၈) စက္ကန့် အတွင်း အချက် (၃၀) ဖိပါ။ (တစ်မိနစ် အကြိမ် ၁၀၀ နှုန်း)
ပုံ (၆) အချက် (၃၀) ဖိပြီးလျှင် ကလေး ခေါင်းကို အနောက်သို့ အနည်းငယ်စောင်းပေးပါ။ မေးစေ့ကို မပါ။ အသက်တစ်ချက် ရှူသွင်းပြီး ထိုလေကို ကလေးပါးစပ်နှင့် နှာခေါင်းကို ငုံ၍ ဖြည်းညှင်း ငြင်သာစွာ မှုတ်ထည့်ပေးလိုက်ပါ။ ကလေး ရင်ဘတ် မြင့်တက်လာလျှင် သင်ထည့်ပေးသောလေက ကလေး အဆုတ်ထဲ ရောက်ရှိကြောင်းပြသည်။ နောက်တစ်ကြိမ် ထပ်မှုတ်ပေးပါ။
ပုံ (၇) အရေးပေါ်ဌာနသို့ မရောက်မချင်း နာရီဝက် ကြာအောင် ရင်ဘတ် အချက် (၃၀) ဖိပြီး လေ (၂) ချက် မှုတ်ထည့်ခြင်းကို တစ်လှည့်စီ ဆက်တိုက်လုပ်သွားပါ။ လမ်းတွင် ကလေး သတိပြန်လည်လျှင် (သို့) အသက်ပြန်ရှူလျှင် ရပ်ပါ။
သင်ဖိသော လက် (၂) ချောင်းက ကလေး နှလုံးကို ဖိ၍ ဦးနှောက်ထဲ သွေးပို့ပေးမည်။ သင်ပေးသော လေမှ အောက်စီဂျင်ကို ကလေး ရနေမည်။ သွေးနှင့် အောက်စီဂျင် ယာယီဖြည့်ပေးခြင်းဖြင့် ကလေး အသက်ရှင်အောင် ကူညီသည်။
Thi Ha🇲🇲
Monday, August 5, 2019
**သားအိမ်ထဲထည့်ရသော ကြေးနီကိရိယာများ** (ကြေးနီ IUD များ)
**သားအိမ်ထဲထည့်ရသော ကြေးနီကိရိယာများ**  (ကြေးနီ IUD များ)
အမြင်တွင်-
~ သားအိမ်တွင်းသို့ ထည့်သွင်းရသည့် သေးငယ်သော ပလတ်စတစ်နှင့် ကြေးနီကိရိယာဖြစ်ခြင်း၊
~ အမျိုးအစားပေါ်မူတည်၍ (၅)နှစ်မှ (၁၀)နှစ်အထိ တာရှည်ခံခြင်း၊
~ ဟော်မုန်းမပါဝင်ခြင်း၊
~ လိုအပ်ပါက ကျန်းမာရေးစောင့်ရှောက်ကုသပေးသူထံ သွားရောက်ပါ။
~ အမြော်အမြင်ရှိစွာ ဆင်ခြင်လုပ်ဆောင်နိုင်ခြင်း၊
~ ကုန်ကျစရိတ်နှင့်လျော်ညီစွာ ထိရောက်မှုရှိခြင်း၊
~ (၉၉)ရာခိုင်နှုန်း ထိရောက်မှုရှိခြင်း
 **သားအိမ်ထဲထည့်ရသော ကြေးနီကိရိယာက ဘာလည်း။
ကြေးနီ IUD (သို့မဟုတ်) သားအိမ်ထဲထည့်သောကိရိယာဆိုတာ သားအိမ်ထဲထည့်ရတဲ့ ကြေးနီအုပ်ထားတဲ့ ပလတ်စတစ်အပိုင်းအစလေး ဖြစ်ပါတယ်။ IUD တွေဟာ အမျိုးအစားပေါ်မူတည်ပြီး (၅)နှစ်ကနေ(၁၀)နှစ်အထိ ကိုယ်ဝန်ရမလာအောင် တားဆီးပေးနိုင်ကြပါတယ်။ တကယ်လို့ သင်ကိုယ်ဝန်လိုချင်လာတယ်ဆိုရင် IUD ကို အချိန်မရွှေးဖယ်ရှားလိုက်နိုင်ပြီး ဖယ်ရှားလိုက်တဲ့ချက်ချင်းဘဲ ကိုယ်ဝန်ရနိုင်ချေပြန်ရှိလာပါတယ်။
မြန်မာနိုင်ငံမှာ IUD (၃)မျိုးဝယ်ယူရရှိနိုင်ပါတယ်။
**ကြေးနီ T
ဘေးနှစ်ဖက်နဲ့ ကိုယ်ထည်ကို ကြေးနီနဲ့ပြုလုပ်ထားတဲ့ IUDတွေဟာ T ပုံသဏ္ဍာန်ရှိပြီး ၀ယ်ယူရရှိနိုင်မှုအများဆုံးဖြစ်တဲ့ အခြေခံIUD ဖြစ်ပါတယ်။ ၎င်းကိရိယာဟာ အမျိုးသမီးတွေကို (၁၀)နှစ်ကြာအထိ ကိုယ်ဝန်ရမလာအောင် တားဆီးပေးနိုင်ပြီး ကုန်ကျစရိတ်အနည်းဆုံးနဲ့ ၀ယ်ယူရရှိနိုင်တဲ့ IUD ဖြစ်ပါတယ်။
**ငါးခေါင်းရိုးသဏဏ္ဍာန်ရှိသားအိမ်တွင်းထည့် ကိရိယာ-
ကိုယ်ထည်ကို ကြေးနီနဲ့ဖုံးအုပ်ထားပြီး ငါးရိုးသဏ္ဍာန်ရှိတဲ့ IUD ကို အများအားဖြင့် ငါးခေါင်းရိုးသဏဏ္ဍာန်ရှိသားအိမ်တွင်းထည့် ကိရိယာလို့ လူသိများကြပါတယ်။ အဲ့ဒီ့ကိရိယာဟာ ကိုယ်ဝန်ရှိမလာအောင် (၅)နှစ်ကြာအထိ တားဆီးပေးနိုင်ပါတယ်။ တစ်သွေးတစ်မွှေးပြည့်ဖြိုးလာစေတဲ့ ကိရိယာဟာ သွယ်လျတဲ့အမျိုးသမီးများနဲ့ ရင်သွေးမရှိသေးတဲ့အမျိုးသမီးများအတွက် အသင့်လျော်ဆုံးဖြစ်ပါတယ်။
 ** ကြေးနီ Y
ကြေးနီYဟာ မြန်မာနိုင်ငံမှာ နောက်ဆုံးပေါ်IUD ဖြစ်ပါတယ်။ ထိုကိရိယာဟာ ကိုယ်ဝန်ရှိမလာအောင် (၅)နှစ်ကြာအထိ တားဆီးပေးနိုင်ပါတယ်။ ၎င်းကိုထည့်သွင်းရာမှာ သားအိမ်လည်တံရှည်ထွက်လာစေဖို့ ဆန့်ထုတ်စရာမလိုအပ်ဘဲ ထည့်သွင်းနေစဉ်ခံစားရတတ်တဲ့နာကျင်မှုတွေ လျော့ပါးစေဖို့ ဒီဇိုင်းဆွဲထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။
IUD တွေဟာ ထည့်သွင်းပြီးတာနဲ့ချက်ချင်း စတင်လုပ်ဆောင်ကြပါတယ်။ ထည့်သွင်းပြီးတာနဲ့တပြိုင်နက် အမျိုးသမီးတွေဟာ အဲ့ဒီ့ကိရိယာကို ခံစားသိရှိနေရတာမျိုးဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ IUD ထည့်သွင်းထားတာကို ခံစားသိရှိနေပါက IUD နေရာလွဲနေသည့် လက္ခဏာသာဖြစ်ပါတယ်။ ဒါက ဖြစ်တောင့်ဖြစ်ခဲ ကိစ္စဖြစ်ပါတယ်။ IUD နေရာလွဲနေပါက မိမိဘာသာ ပြန်သွင်းနေရာချဖို့ မကြိုးစားဘဲ ဆရာဝန်နှင့် ပြသပါ။ IUD နေရာလွဲနေချိန် လိင်ဆက်ဆံပါက ကိုယ်ဝန်ရနိုင်ပါသဖြင့် လိင်ဆက်ဆံလိုပါက တခြားသော သားဆက်ခြားနည်းလမ်းများ(ဥပမာ-ကွန်ဒုံ) ကို အသုံးပြုပါ။
ဘယ်လိုလုပ်ဆောင်ပေးတာပါလဲ။
IUDတွေအတွင်းမှာရှိတဲ့ ကြေးနီက သုတ်ပိုးတွေလှုပ်ရှားမှုနဲ့အတူ ရောနှောသွားပြီး ၎င်းတို့ သားဥတွေနဲ့တွေ့ဆုံပြီး မျိုးအောင်ခြင်းကနေ တားဆီးပေးပါတယ်။ လုပ်ဆောင်ပုံက တစ်မျိုးကြီးဖြစ်နေပေမယ့် အဲ့ဒါက လက်ဖွဲ့အဆောင်တစ်ခုလိုမျိုး လုပ်ဆောင်ပေးပါတယ်။
**ဘယ်လိုအသုံးပြုရပါမလဲ။
လတစ်လရဲ့ဘယ်အချိန်မှာမဆို IUD ကို ထည့်သွင်းနိုင်ပါတယ်။ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးသူအများစုက IUD ကိုရာသီလာချိန်အတွင်း ထည့်သွင်းချင်ကြပေမယ့် သင့်ကိုယ်သင်ကိုယ်ဝန်မရှိသေးဘူးလို့ သေချာနေသမျှကာလပတ်လုံး IUDကိုအချိန်မရွှေး ထည့် သွင်းနိုင်ပါတယ်။ တကယ်လို့ သင်က ရာသီလာနေတဲ့အချိန်ကာလအလယ်မှာ သားအိမ်ရဲ့အ၀ဖြစ်တဲ့ သားအိမ်လည်တံအပွင့်ဆုံးဖြစ်တယ်လို့ယုံကြည်ရင်တော့ အဲ့ဒီအချိန်မှာ IUD ထည့်သွင်းတာက သင့်အတွက်အဆင်အပြေဆုံးဖြစ်မှာပါ။ ကိရိယာကို အဆင်ပြေပြေထည့်သွင်းပြီးတာနဲ့တပြိုင်နက် ဆရာဝန်က ကြိုးကိုညှပ်ပစ်ပြီး ၎င်းကိုပြန်ဖယ်ရှားလို့ရမယ့်အရှည်လောက်ဘဲ ထားခဲ့မှာမို့လို့ သင်က IUDနေရာတက ရှိနေရဲ့လားဆိုတာကို စစ်ကြည့်နိုင်မှာပါ။ နောက်ပိုင်းကျရင် IUDကိုပြန်ဖယ်ရှားနိုင်အောင်လည်း (ယောနိလမ်းကြောင်းကနေ ကြိုးစတွေထွက်မနေပေမယ့်) ကြိုးစလေးကရှိနေမှာပါ။ IUDထည့်သွင်းနေစဉ်အတွင်းမှာ နာကျင်ကိုက်ခဲမှုတွေ ခံစားရတာကတော့ ပုံမှန်ပါဘဲ။ ဒါပေမယ့် အကိုက်အခဲပျောက်ဆေးတွေနဲ့ ကုသလိုက်ရင် ပျောက်ကင်းသွားတတ်ပါတယ်။ တချို့အမျိုးသမီးတွေကတော့ ခေါင်းမူးခြင်းခံစားရတတ်ပါတယ်။ ထည့်သွင်းပြီး(၂)ပတ်လောက်ကြာတဲ့အထိ အမျိုးသမီးတွေဟာ ၀က်ခြံထွက်တာ (ဒါမှမဟုတ်) နာကျင်ကိုက်ခဲတာတွေ ခံစားရနိုင်ပေမယ့် ပျောက်ကင်းသွားတတ်ပါတယ်။
IUD ထည့်သွင်းပြီးပါက နေရာမှန်တွင်ရှိမရှိကို တစ်လတစ်ခါ ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။ ရာသီလာနေတဲ့ အချိန်မှာ စစ်ဆေးလို့ ပိုသင့်တော်ပါတယ်။ ဒါကဘာလို့လည်းဆိုတော့ ရာသီလာနေချိန်မှာ မိမိသားအိမ်ခေါင်းက သာမန်ထက်ပိုကျယ်ပြီးပိုပွင့်နေတာကြောင့် IUD လှုပ်ရှားနိုင်ဖို့ အကောင်းဆုံးအချိန်ဖြစ်နေတာကြောင့်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် IUD နေရာလွဲနေတယ်ဆိုတာက ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဉ်တစ်ခုပါ။
IUD နေရာမှန်မှန် သင်ကိုယ်တိုင် စစ်ဆေးမယ်ဆိုပါက –
(၁) လက်ကို ရေနွေး ၊ ဆပ်ပြာ တို့ဖြင့် စင်ကြယ်အောင်ဆေးပါ။
(၂) ဆောင့်ကြောင့်ထိုင်ပါ (အိမ်သာတက်သလိုထိုင်ပါ)
(၃) လက်တစ်ချောင်း (သို့) နှစ်ချောင်းဖြင့် သင်၏ ယောနိထဲသို့ နှိုက်သွင်းပါ (သားအိမ်ခေါင်းထိ) ။ နှာခေါင်းထိပ်သို့ ထိုးနှိုက်သကဲ့သို့ သင်၏ သားအိမ်ခေါင်းသည် အနည်းငယ် တင်းမာလာသလိုခံစားရမည်။
(၄) IUD ကြိုးရှိမရှိ စမ်းသပ်ခံစားပါ။ IUD ကြိုးရှိသည်ဟု ခံစားမိပါက နေရာမှန်တွင် ရှိနေပါသည်။ အကယ်၍ IUD ကြိုးရှိသည်ဟု မခံစားမိပါက (သို့) IUD ၏ အောက်ခြေသည် သားအိမ်ခေါင်းသို့ ရောက်နေသည်ဟု ခံစားမိပါက IUD နေရာလွဲနေပါသည်။ ထိုသို့ IUD နေရာလွဲနေပါက မိမိဘာသာ ပြန်လည်တည့်မတ်ဖို့ မကြိုးစားပါနှင့်။ ဆရာဝန်နှင့် ပြသဆွေးနွေးပါ။ တခြားသော အရန်သားဆက်ခြားနည်းများကို အသုံးပြုပါ (ဥပမာ – ကွန်ဒုံးအသုံးပြုခြင်း)
 ကောင်းကျိုးများ
လွယ်ကုမြန်ဆန်တဲ့ လုပ်ငန်းစဉ်ဖြစ်ခြင်း၊
တာရှည်ခံခြင်း၊
ဖယ်ရှားပြီးသည်နှင့်ချက်ချင်း ကိုယ်ဝန်ရနိုင်ချေရှိခြင်း၊
အလွန်ထိရောက်မှုရှိခြင်း၊
ဟော်မုန်းပါဝင်မှုမရှိခြင်း (သို့မဟုတ်) ဆေးဝါးများနှင့် ဓာတ်ပြုမှုမရှိခြင်း၊
နေ့တိုင်း(သို့မဟုတ်) လိင်ဆက်ဆံသည့်အခါတိုင်း သန္ဓေတားမှုနှင့် ပတ်သတ်ပြီး တွေးပူစရာမလိုခြင်း၊
IUD ထည့်သွင်းထားပါက အချိန်မရွှေး လွယ်ကူစွာဖယ်ရှားနိုင်ခြင်း၊
အလွန်အမင်းအားစိုက်ထုတ်စရာမလိုဘဲ ကိုယ်ဝန်ရနိုင်ချေကို အလွန်ကြာရှည်စွာ တားဆီးပေးခြင်း၊
ဆေးလိပ်သောက်သူများနှင့် သွေးတိုးရောဂါရှင်များ၊ ဆီးချိုရောဂါရှင်များအတွက် လုံခြုံစိတ်ချရခြင်း။
ဆိုးကျိုးများ
ဘေးထွက်ဆိုးကျိုးတွေကို ပူပန်ကြတာကတော့ ပုံမှန်ဖြစ်ပေမယ့် အမျိုးသမီးအများစုအတွက်ကတော့ ဒါတွေက ပြသနာတစ်ရပ်မဟုတ်ကြပါဘူး။ သင်ဘေးထွက်ဆိုးကျိုးတွေကိုခံစားရတယ်ဆိုရင်လည်း ဒါတွေကအချိန်ကြာလာတာနဲ့အမျှ ပျောက်ကင်းသွားမှာပါ။အများဆုံးစောဒကတတ်တာတွေကတော့-
ရာသီလာချိန်ပိုမိုကြာရှည်ခြင်း၊
ရာသီလာချိန်အတွင်းမှာ ၀က်ခြံထွက်ခြင်း (အထူးသဖြင့် IUD ထည့်သွင်းပြီးပြီးချင်း လအနည်းငယ်အတွင်း)၊
နာကျင်ကိုက်ခဲခြင်းနှင့် နောက်ကျောနာကျင်ခြင်း။
အဖြစ်နည်းတဲ့ပြသနာတွေကတော့-
IUD ချော်ထွက်ခြင်း (သို့မဟုတ်) နေရာတကျရှိမနေခြင်း၊
IUD သားအိမ်နံရံများထဲသို့ တွန်းဝင်သွားခြင်း၊
ရောဂါပိုးဝင်ခြင်း (အများအားဖြင့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ ထည့်သွင်းတဲ့ပုံစံတွေကြောင့် ဖြစ်ပွားတတ်ပါတယ်
Credit:  Thiloyarmay
လေးဘက်နာရောဂါ
လေးဘက်နာရောဂါ
============
            လူတော်တော်များများ အဆစ်အမြစ် နာလျှင် လေးဘက်နာ ရောဂါကို အရင်ဆုံး သတိရတတ်ကြပါတယ်။ လေးဘက်နာ ဖြစ်လျှင် ပင်နီဆလင် ထိုးရတယ် စားဆေး စားရတယ် ဆိုတာ လူတိုင်း သိကြပါတယ်။
            ဒါပေမယ့် လေးဘက်နာ တမျိုးတည်းရှိတယ် လို့ထင် နေကြတာများပါတယ်။ အဖြစ်များတဲ့ လူသိများတဲ့ လေးဘက်နာ (၃)မျိုးရှိပါတယ်။
            ပထမဆုံးပြောချင်တဲ့ လေးဘက်နာရောဂါကတော့ အရပ်ခေါ် ပိုးလေးဘက်နာပါ။ ဟုတ်ပါတယ် သူက ပိုးကြောင့်ဖြစ် လို့ပါ။ အသက်ငယ်ပိုင်း နဲ့ လူလတ်ပိုင်းတွေမှာ အတွေ့ရ များပါတယ်။ အဆစ်ကြီးတွေ (ဒူး၊ ခြေကျင်းဝတ်၊ လက်ကောက် ဝတ်) မှာ ဖြစ်လေ့ရှိပြီး ဟိုအဆစ်နာ ဒီအဆစ်နာလိုက်နဲ့ ပြောင်း လဲ နေတတ်ပါတယ်။  တခြားရောဂါများနှင့်လည်း စပ်ဆက် နေတတ်ပါတယ်။  သေချာအောင် ASO ကိုစစ်ဆေးပြီး ပင်နီဆလင် ထိုးဆေး သို့မဟုတ် စားဆေးများဖြင့် ကုသ နိုင်ပါတယ်။
            ဒုတိယ တမျိုးကတော့ အရပ်ခေါ် သွေးလေးဘက်နာ Gout ရောဂါဖြစ်ပါတယ်။ သူကတော့ သွေးထဲမှာ မကောင်းတဲ့ ဓာတ် တွေများနေပြီး အဆစ်ကြားထဲမှာ စုပုံခဲနေလို့ အဆစ် အမြေစ်တွေ နာကျင်ရောင်ရမ်းရတာပါ။  သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေ မှာ အဖြစ်များပြီး အမျိုးသားတွေမှာ ပိုဖြစ်တာတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ၄၀ ကျော်ရင်တော့ အမျိုးသမီးတွေမှာ ပိုများလာတာ တွေ့ရပါတယ်။  ခြေမ အဆစ်ရင်းတွင်စတင်နာကျင်တတ်ပြီး အဆစ်ကြီးများတွင် အတွေ့ရများပါတယ်။ နာတာရှည်ပါက အရေပြားပေါ်တွင် အဖုလုံးများပေါ်တတ်ပါတယ်။ တခြားရောဂါများနှင့် စပ်ဆက်ဖြစ် ပေါ် တတ်ပါတယ်။ Gout ရောဂါဟုတ်မဟုတ် Uric acid စစ်ဆေးသိရှိနိုင်ပါတယ်။  ပိုပြီးသေချာတာက အဆစ်အရည် သို့မဟုတ် တစ်ရှူးကို ဓာတ်ခွဲခန်းတွင် စမ်းသပ်ခြင်းဖြစ်သည်။ ကုသရာတွင် စားဆေးကို လအတော်ကြာစွဲသောက်ပြီး uric acid မြင့်စေသော အစားအစာ များကို ရှောင်ကြဉ်ဖို့လိုပါတယ်။ မြေပေါ်၆လက္မ မြေအောက်၆လက္မ အတွင်းရှိ အသီးအရွက် သစ်ဥသစ်ဖုများ (ဥပမာ၊ မျှစ် ပဲပင်ပေါက် မြေပဲ အာလူး ပဲမြစ်) အသားငါးများတွင် ဝမ်းတွင်းကလီစာများ၊ ပင်လယ်ငါးအဆီများ၊ ပုဇွန်တုပ် ပုဇွန်ဆိတ် ဂဏန်း ကမာ ၊ အခြားအစားအစာများတွင် ဘီယာ အရက် ကော်ဖီ စတာတွေကို ရှောင်သင့်ပါတယ်။ တချို့ သော ဆေးဝါးများသည်လည်း uric acid ကိုမြင့်စေ နိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။
            နောက်ဆုံးတစ်ခုကတော့ နာတာရှည်လေးဘက်နာ ရောဂါ Rheumatoid Arthritis (RA) ပါ။ သူကတော့ အဆိုးဆုံးပါပဲ။ အမျိုးသမီးတွေမှာ အဖြစ်များတတ်ပြီး အသက် ၄၀ တွင်အများဆုံးဖြစ်တတ်ပါတယ်။ လက်ဆစ်ငယ်များတွင် စတင်ဖြစ်ပွားတတ်ပြီး အဆစ်တိုင်းတွင်ဖြစ်နိုင်ပါတယ်။ နာတာ ရှည်လာပါက အဆစ်များတောင့်တင်း ကွေးကောက်ပြီး လှုပ်ရှား ၍မရတော့ပါ။ အခြားရောဂါလက္ခဏာများစွာကိုလည်း ဖြစ်ပေါ်စေ နိုင်ပါတယ်။ သေချာအောင် RF/RA ၊ ANA ကိုစစ်ဆေးနိုင်ပါ တယ်။ ကုသ ပျောက်ကင်းရန် အလွန်ခက်ခဲပါတယ်။ ကုသမှု နောက်ကျပါက အဆစ်များ ကွေးကောက်တောင့်တင်းပြီး လှုပ်မရ တော့ပါ။ ထိုးဆေးများ စားဆေးများအပြင် ကိုယ်ခံအားဇီဝ ကုထုံး များဖြင့် ပေါင်းစပ်ကုသကြရပါတယ်။  ပုံမှန်စစ်ဆေးကုသခြင်း သည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
            ထို့ကြောင့် အဆစ်အမြစ်နာလျှင် ပေါ့ဆမနေပဲ စော လျှင်စွာ စစ်ဆေးကုသမှုခံယူသင့်ပါကြောင်း...
Credit
ဆီးချိုသွေးချိုရောဂါဘာလို့ဖြစ်
ဆီးချိုသွေးချိုရောဂါဘာလို့ဖြစ်
=================
          ဆရာ ကျွန်မက ဆီးချိုရောဂါမရှိပါဘူး သွေးချိုရောဂါရောဂါပဲရှိတာပါ။ 
          တကယ့်ကိုအဲ့လိုပြောတာပါ။ တချို့လူနာတွေကိုယ်တိုင်ကိုက ဆီးချိုနဲ့သွေးချိုရောဂါ မတူဘူးလို့ထင်နေကြတာပါ။ 
          ဟုတ်ပါတယ် ဟိုးအရင်က ဆီးချိုရောဂါသည်တွေကို စမ်းသပ်စစ်ဆေးတဲ့အခါ လူနာရဲ့ဆီးကို ဓာတ်ပြုစစ်ဆေးပြီး ခန္ဓာကိုယ်တွင်းသကြားဓာတ်အခြေအနေကို ခန့်မှန်း ကုသကြရပါတယ်။ 
          ဒါပေမယ့် နောက်ပိုင်းကာလတွေမှာ တွေ့ရှိချက်တွေအရ ဆီးကို စစ်ဆေးခြင်း  ထက် သွေးကို စစ်ဆေးခြင်းက ပိုမိုတိကျပြီး ကုသမှုအတွက်များစွာ ပိုမိုထိရောက်သဖြင့် ယခင်ကကဲ့သို့ ဆီးစစ်ဆေးခြင်းများကို သိပ်မလုပ်တော့ပဲ သွေးစစ်ဆေးခြင်းဖြင့် သာ တွက်ချက်ကုသကြသည်။
          သွေးချိုသဖြင့်ဆီးချိုခြင်းဖြစ်သည်။  ထိုရောဂါ ၂ ခုသည် အတူတူပင်ဖြစ်သည်။ 
          ဘာလို့ဆီးချိုရောဂါဖြစ်သလဲ? ခန္ဓာကိုယ်မှာ စားသမျှ အစားအစာကို ဂလူးကို့စ် သကြားဓာတ်အဖြစ်ပြောင်းလဲပေးပြီး Energy စွမ်းအင်အဖြစ် ခန္ဓာကိုယ် အသက်ရှင်သန်လှုပ်ရှားနိုင်စေသည်။  ထိုသို့ပြောင်းလဲရန် အဓိက လိုအပ်သောအရာမှာ အင်ဆူလင် ဖြစ်သည်။  အင်ဆူလင်သည် သွေးထဲမှသကြားဓာတ်ကို ခန္ဓာကိုယ်ဆဲလ် တစ်ရှူး အင်္ဂါအစိတ်အပိုင်းများ အသုံးပြုနိုင်ရန် ပို့ဆောင်ပေးရသည်။
          ထိုကြောင့်အင်ဆူလင်၏အခြေအနေကို ခန့်မှန်းတွက်ဆ၍ သင့်တော်သော ထိုးဆေး စားဆေးများပေးရသည်။
          ဘယ်သူတွေဆီးချိုရောဂါဖြစ်သလဲ? လူတိုင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါ အမျိုးအစား (၁) ကို အင်ဆူလင် ချို့တဲ့သူများတွင်တွေ့ရသည်။ အထူးသဖြင့် အသက်ငယ်ရွယ်သူများဖြစ်တတ်သည်။ မျိုးရိုးလည်းလိုက်တတ်သည်။
          ဆီးချိုသွေးချိုအမျိုးအစား(၂) သည် အင်ဆူလင်လုံလောက်သော်လည်း ကောင်းကောင်းအလုပ်မဖြစ်သောသူများတွင်ဖြစ်သည်။ အသက်ကြီးသူများ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူများ၊ အဝလွန်သူများတွင်အတွေ့ရများသည်။ ၄င်းသည်လည်း မျိုးရိုးလိုက်တတ်သည်။
          ထိုကြောင့်ဆီးချိုရောဂါဖြစ်လျှင်မပေါ့ဆပဲ သေချာစွာ စမ်းသပ်ကုသရန်လိုအပ်သည်။ ၄င်းရောဂါ၏ နောက်ဆက်တွဲရောဂါများနှင့် ဆေးဝါးများအကြောင်းကို ဆက်လက်ဖော်ပြပါမည်။
Credit
ဘယ်သူတွေ ဘီ ပိုးကာကွယ်ဆေးထိုးသင့်လဲ
ဘယ်သူတွေ ဘီ ပိုးကာကွယ်ဆေးထိုးသင့်လဲ
==========================
          HBV အသည်းရောင်အသားဝါ ဘီပိုးဟာ ပေါ်ပြူလာဖြစ်နေတဲ့ ရောဂါပိုးပါ။
နိုင်ငံခြားသွားမယ် အလုပ်လျှောက်မယ် ရာထူးတိုးမယ်ဆိုရင် သူကမပါမဖြစ်စစ်ဆေးခံကြရပါတယ်။ ဘာလို့ဒီလောက်စစ်ဆေးနေကြတာလဲဆိုတော့ ကူးစက်နိုင်မှု မြင့် မားခြင်း နောက်ဆက်တွဲရောဂါဆိုးကျိုးများ ပြင်းထန်ဆိုးရွားခြင်းကြောင့်မဖြစ်မနေစစ်ဆေးနေကြရပါတယ်။ ကာကွယ်နိုင်ပေမယ့် ခုချိန်အထိ ကုသဖို့ ခက်ခဲနေပါသေးတယ်။ အထူးသဖြင့် ကုသသောဆေးဝါးများ အဆမတန်ဈေးကြီးမှု နှင့် ပျောက်နိုင်ချေရာခိုင်နှုန်း နည်းပါးမှုကြောင့် ခက်ခဲနေရခြင်းဖြစ်သည်။
          ကာကွယ်ဆေးထိုးရင် ဘယ်လောက်အထိ ကာကွယ်ပေးနိုင်လဲ? အားရစရာပါပဲ ၉၅- ၁၀၀% အထိ ကာကွယ်ဆေး ပထမ တလုံးစထိုးပြီး ၆ ပတ်မှာ အကာအကွယ်ရနိုင်ပါပြီ။
          ဘယ်လိုလူတွေကိုထိုးသင့်သလဲ? လူတိုင်းလူတိုင်း ထိုးနှံထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သွေးနဲ့ ခန္ဓာကိုယ်အရည်တွေ၊ မူးယစ်အကြောမျှထိုးသူတွေ၊ လိင်ဆက်ဆံမှုတွေ၊ မိခင်မှရင်သွေးတွေ၊ အာဖရိကမှာဆိုလျှင် သာမန်ထိတွေ့မှုကနေတောင်ကူးစက်နိုင်လို့ ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံထားသင့်ပါတယ်။ 
          ကူးစက်နိုင်ချေမြင့်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ သွေးရောဂါရှိသူတွေ၊ ကျောက်ကပ်မကောင်းလို့ စက်နဲ့ဆေးနေရတဲ့သူတွေ၊ မိမိအိမ်ထောင်ဖက်မှာ ရောဂါပိုးရှိသူတွေ၊ ရောဂါပိုးရှိတဲ့ မိခင်ရဲ့ ရင်သွေးငယ်တွေမှာ ကြိုတင်ကာကွယ်ဆေးထိုးကိုထိုးရပါမယ်။
          ဘယ်လိုထိုးရမှာလဲ? မွေးကင်းစတွေကို မွေးမွေးချင်း ၁ လုံး၊ ၁ လသားမှာ ၁ လုံး၊ ၂ လသား သို့မဟုတ် ၆ လသားတွင်နောက်ဆုံးတလုံး စုစုပေါင်း ၃ လုံး ထိုးနှံရပါမယ်။ မိခင်တွင် ပိုးရှိနေလျှင်ပင် ၉၈% အထိအကာအကွယ်ပေးနိုင် ပါတယ်။
          လူကြီးတွေဆို 1ml ကလေးတွေဆို 0.5ml လက်မောင်းရင်းကြွက်သားမှာထိုးနှံရပါမယ်။ ပထမတလုံးထိုးပြီး ၁လ ပြည့်လျှင် ဒုတိယ ၁ လုံး နောက် ၆လ ပြည့်လျှင် တတိယ ၁ လုံးထိုးနှံရပါမယ်။ ကာကွယ်နိုင်စွမ်းမကျသွားစေရန် ၅ နှစ်ပြည့် တိုင်း တလုံးစီ ထပ်မံထိုးနှံမယ်ဆိုလျှင် HBV ရောဂါပိုးအန္တရာယ်ကိုကောင်းစွာ ကာကွယ်နိုင်ပြီ ဖြစ်ပါကြောင်း..........
Credit
ခေါင်းမူးရောဂါ နှင့် လူနာများ
ခေါင်းမူးရောဂါ နှင့် လူနာများ
================
          လူတော်တော်များများသည် ခေါင်းမူး ခေါင်းကိုက် ဇက်ကြောတက်လျှင် သွေးပေါင်ကျသည်ဟုသာထင်ကြသည်။  တကယ်တမ်းသွေးပေါင်ချိန်ကြည့်သောအခါ တက်နေလျှင်ပင် ကျွန်မက သွေးပေါင်ပဲကျတတ်တာ မတိုးပါဘူးတဲ့။ မှန်ပါတယ် ဒါပေမယ့် အသက်အရွယ်ကြောင့်သော်လည်းကောင်း အစားအသောက်အနေအထိုင်ကြောင့်သော်လည်းကောင်း ယခင်က သွေးပေါင်ကျတတ်သည်ဆိုသော်လည်း သွေးတိုးရောဂါ  သည်လူတိုင်းတွင်ဖြစ်ပေါ်လာနိုင်ပါသည်။ မိဘ ညီအစ်ကိုမောင်နှမတွင် သွေးတိုးရောဂါရှိပါက မိမိတွင်လည်း သွေးတိုးရောဂါဖြစ်နိုင်ချေပိုးများပါသည်။
          သို့သော် အရိုးစွဲနေသော ခေါင်းမူးလျှင် အကြောဆေးထိုးလိုက်လျှင် သက်သာသည်ဟုထင်မြင်မှုအား ဘယ်လိုမှရှင်းပြ၍မရ။  တချို့ဆို ဆရာ ပုလင်းကြီး တလုံးလောက်ချိတ်ပေးပါဆရာတဲ့။  အမှန်တကယ် Drip ပုလင်းထဲတွင် ဓာတ်ဆားနှင့် သကြားဓာတ်သာပါဝင်သည်။  မလိုအပ်ပဲ သွင်းမိပါက သက်ကြီးရွယ်အိုများ နှလုံး ကျောက်ကပ်နှင့် အသည်းရောဂါရှိသူများတွင် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေပြီး အသက်အန္တရာယ်ပင် ဖြစ်နိုင်သေးသည်။ တချို့ဆို သွေးတိုးတာပါဆိုတာကိုပင်    ပုလင်းကြီးချိတ်ခိုင်းနေကြသေးသည်။
          နားမလည်တော့ရှင်းပြရတာပေါ့။ ဒါပေမယ့် အဲ့ဒါကိုမကြိုက်ကြတာ အကြောဆေးမသွင်းမချင်း ပုလင်းမချိတ်ပေးမချင်း မကျေနပ်။ စိတ်ထဲမှာတော့ တော်ပြီ နောက်မလာတော့ဘူး ဒီဆရာဝန်ဆီကိုပေါ့။ နယ်ကဆရာဝန်တွေရဲ့ဒုက္ခပါ။
          ရွာဘက်တွေက ရမ်းကုတွေက ဘာဖြစ်ဖြစ်ပုလင်းချိတ်ကြသည်။ လူနာတွေကလည်း အောက်ကနေ တပေါက်ပေါက်ကျနေတာလေးကိုကြည့်ပြီးကျေနပ်နေကြတာများသည်။ တချို့ နယ်ကဆရာဝန်တွေလည်း အတူတူပဲ အဲ့လိုလုပ်ကြပါတယ်။
          တကယ်တမ်းခေါင်းမူးခေါင်းကိုက်ဖြစ်လို့လာပြပြီဆိုလျှင် Why? ဘာလို့ကိုက်တာလဲ အရင်ဆုံး သွေးပေါင်မှန်ရဲ့လား သွေးပေါင်ချိန်မှန်တယ်ဆိုလျှင် တခြားအာရုံကြောရောဂါများလား သို့မဟုတ် ခေါင်းတခြမ်းကိုက်ရောဂါ migraine လား tension headacheလား vertigoလား သို့မဟုတ် ဦးနှောက်ရောင် အမြှေးရောင်ရောဂါတွေလား ဦးနှောက်ထဲမှာ အလုံး/သွေးခဲရှိတာလား နောက်ဆုံးတခုက လည်ပင်းရိုးမှာ ကျည်းပေါင်းတက်နေတာလား   နား နှာခေါင်း ရောဂါများ ကြောင့်လား....စသည်ဖြင့် တွေးတောစရာ စမ်းသပ်စရာအများကြီးပါ။ လာသမျှ အကြောဆေးထိုး ပုလင်းချိတ်ရုံဖြင့် မပျောက်နိုင်။ (သွေးထဲမှာသကြားဓာတ် အလွန်အမင်းကျဆင်းတာကလွဲလို့ပေါ့။)
          ဒါကြောင့်ခေါင်းမူးခေါင်းကိုက်ဆိုသော်လည်း သေချာစမ်းသပ်ကုသသော တတ်ကျွမ်းသောဆရာဝန်များနှင့်သာပြသကုသမှု ခံယူသင့်ပါကြောင်း.....
Credit
#စပျစ်သီးအစေ့၏အစွမ်းထက်ပုံများ
#စပျစ်သီးအစေ့၏အစွမ်းထက်ပုံများ
ဝါးစားသင့် တဲ့ စပျစ်သီးအစေ့ ကို ထွေးမထုတ်လိုက်ပါနဲ့
စပျစ်သီးက သူ့ရဲ့ အစွမ်းသတ္တိတွေကို အစေ့ထဲမှာ ထုပ်ပိုးထားတာပါ။ ဒါ့ကြောင့် အစေ့ကို #ဝါးစားပါ။
စပျစ်သီးအစေ့က နဲနဲမာတယ်၊ ဝါးရင်း နဲနဲခါးပြီး စပျစ်သီးစားရင် ပါးစပ်ထဲမှာ အနှောက်အယှက်လိုပဲ၊
ထွေးထုတ်နေရတာလည်း အလုပ်တစ်ခု လိုဖြစ်တယ်။
#ဒါပေမဲ့ အာဟာရတန်ဖိုးတွေ အများကြီး အများကြီးကို အစေ့က သယ်ပိုးထားတာဆိုတာ သင်သိသင့်တယ်။
နိုင်ငံတကာက စပျစ်သီးအစေ့တွေ ချည်းစု Extract လုပ်/ အမှုန့်ပြု/ အဆီထုတ် ပြီး သုတေသနတွေ လုပ်တယ်။ ရောဂါပေါင်းများစွာမှာ အောင်မြင်လို့ ထုတ်လုပ်သူတွေက စပျစ်သီးအစေ့ နဲ့ဖော်တဲ့ ဆေးပြား၊ ဆေးလုံး တွေကို ဈေးကွက်ထဲ ဖြန့်ချီနေတဲ့အချိန် သင်က စပျစ်သီးတစ်လုံး စားရင် အစေ့တွေ လက်ဝါးထဲ ထွေးထွေးထုတ်နေဦးမလား???
*** အရမ်းတန်ဖိုးရှိတဲ့ စပျစ်သီးအစေ့ကို အရသာမရှိဘူး၊ စားလို့မကောင်းဘူး၊ အသုံးမဝင်ဘူး ထင်ပီး ထွေးမထုတ်ပါနဲ့တော့"
စပျစ်သီးအစေ့ နဲ့ ကျန်းမာရေး အကျိုးကျေးဇူး အကြောင်း
စပျစ်သီးအစေ့ထဲမှာ…
#နှလုံး နဲ့ #ဦးနှောက် ကျန်းမာဖို့ အတွက် လိုအပ်တဲ့ *Omega 3 fatty acid တွေပါဝင်ပါတယ်။
#အရေပြား အတွက် ကျေးဇူးပြုတဲ့ *Vitamin A နဲ့ E ပါဝင်ပါတယ်။
အစွမ်းအာနိသင် ကြီးမားလွန်းတဲ့ Flavonoid အမျိုးအစား ဖြစ်တဲ့ *Proanthocyanidin ပါဝင်တဲ့အတွက်
#အရွယ်မတိုင်မီအိုမင်းခြင်း၊ #နှလုံးသွေးလည်ပတ်မှုဆိုင်ရာ ရောဂါများ၊ #အမြင်အာရုံ အားနည်းခြင်း၊ #အရေပြားရောင်ရမ်းခြင်း နဲ့ #အဆစ်ရောင်ခြင်း တွေအပြင်
#ပန်းနာရင်ကြပ် ဝေဒနာ နဲ့ #ဝက်ခြံကင်းတဲ့ အသားအရေ ပိုင်ဆိုင်ဖို့အတွက် စပျစ်သီးအစေ့ကို ဓာတ်စာ ထဲမှာ ထည့်သွင်းစားသောက်ကြတယ်။
*Proanthocyanidin ဟာ မှိုကြောင့်ဖြစ်သော ကူးစက်ရောဂါ (Fungal infection) ၉၀% ရဲ့ အဓိက တရားခံဖြစ်တဲ့ Candida ပိုးကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိတယ်။
အထက်က Antioxidant အစွမ်းတွေကို လုပ်ပေးနိုင်တဲ့ *Proanthocyanidin ဟာ Anti-Cancer အစွမ်းကိုလည်း ကြွက်တွေနဲ့ စမ်းသပ်အောင်မြင်ပီးသားပါ။
#ကင်ဆာ ကို ကာကွယ်ပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်မှာ ပျက်စီး/သေဆုံးသွားတဲ့ ဆဲလ် တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ဒါ့အပြင် *Proanthocyanidin ဟာ
ဆံချည်မျှင်သွေးကြော၊ သွေးလွှတ်ကြော နဲ့ သွေးပြန်ကြောတွေကို သန်မာစေတဲ့အတွက် သွေးလည်ပတ်မှုကောင်းမွန်စေပြီး #သွေးကြောထုံးခြင်း၊
အထိုင်ကြာလို့ ဖြစ်တဲ့ #ခြေထောက်ရောင်ခြင်း မှာ သုတေသနအရ အောင်မြင်ထားပါသေးတယ်။
၂၀၀၃ ခုနှစ်က သုတေသနမှာ Fat-metabolising enzyme မှာစမ်းသပ်ပြီး #မကောင်းတဲ့အဆီ (LDL) တွေကိုလျော့ကျစေတယ်လို့တွေ့ရပါတယ်။ ကိုယ်အလေးချိန် လျော့ကျစေရုံမက နှလုံးရောဂါ နဲ့ သွေးတိုး အတွက်ပါ ကောင်းမွန်ပါတယ်။
၂၀၁၀ ခုနှစ် သုတေသန မှာတော့ *Proanthocyanidin ဟာ ဦးနှောက်ရဲ့ noradrenalin နဲ့ dopamin level ကိုမြင့်စေခြင်း နဲ့ Tofranil လို စိတ်ကျခြင်းကို ဆန့်ကျင်တဲ့သတ္တိ ရှိတဲ့အတွက် #စိတ်ဓာတ်ကျခြင်း ဝေဒနာရှင်တွေမှာပါ အသုံးပြုနိုင်ပါတယ်။
ဒီလို အစွမ်းကြီးးမားတဲ့ #Proanthocyanidin ဟာ သုတေသန တွေ့ရှိချက်တွေအရ ဓာတ်တိုးဆန့်ကျင်အစွမ်း (Antioxidant capacity) မှာ Vitamin E ထက် *အဆ ၂၀ ပိုမိုကောင်းမွန်ပြီး Vitamin C ထက် *အဆ ၅၀ ပိုမိုကောင်းမွန်ကြောင်း သိရပါတယ်။
ဒါ့ကြောင့် နိဂုံးချုပ် အကြံပြုလိုတာကတော့
`` စပျစ်သီးစားရင် တစ်လုံးလုံးဝါးစားပါ ´´
ဝါးစားလိုက်တဲ့အတွက် အစေ့ကိုသွားနဲ့ကြိတ်ပြီးသား ဖြစ်သွားပြီး အစေ့ထဲမှာပါတဲ့ အာနိသင်များစွာကို Unlock ဖွင့်ပေး လိုက်သလိုဖြစ်သွားပါတယ်။ နောက်ပြီး အစာမကြေလို့ မစင်နဲ့အတူပြန်ပါလာခြင်း လည်းမရှိတော့ပါဘူး။
လူအနည်းစုမှာသာ Allergic ဖြစ်တတ်ပေမဲ့ စပျစ်သီးအစေ့ဟာ လူအပေါ်မှာ အဆိပ်လုံးဝ မရှိပါဘူး။
ကလေးငယ်တွေ မျိုချမိလို့ သည်း (သီး) တဲ့ အန္တရာယ်လည်းမရှိပါဘူး။ ဒါ့ကြောင့် *သင့်ကလေး ကို အာဟာရတန်ဖိုး များစွာရစေချင်ရင် စပျစ်သီးအစေ့ကို ဝါးစားခြင်းရဲ့ အာနိသင်တွေကို ရှင်းပြပြီး အစေ့ကိုဝါးစားတတ်တဲ့ အကျင့်လုပ်ပေးပါ။
*သင်ကိုယ်တိုင်လည်း သေးသေးမာမာခါးခါးဝါးရခက်တဲ့
စပျစ်သီးအစေ့ကို မစားချင်ဘူးလို့ ဂျီကျမနေတော့ဘဲ အခုချိန်ကစပီး ဝါးစားပါလို့ အကြံပြုပါရစေခင်ဗျား…
#မှတ်ချက်
စပျစ်သီး နဲ့ စပျစ်သီးအစေ့ကို ဘယ်တော့မှ ခွေးမကျွေးမိပါစေနဲ့။ခွေးကို သေစေနိုင်ပါတယ်။
Credit to Hello Dr.Diet
Sunday, August 4, 2019
#ကမြင်းမနီကိုက်လျှင်_သေတတ်သည်……
" ဟဲ့ ညည်း ရွာတောင်ပိုင်းက ဖိုးသာအေး သတင်းကြားပြီးပြီလား မိကွန့် "
" ကာလသားခေါင်းဖိုးသားအေးကိုပြောတာလား မကြားမိပါဘူးအေ ဘာဖြစ်လို့တုန်း "
" အေး ဟုတ်တယ် အဲ့ဒီဖိုးသာအေးပြောတာ မနေ့ညက ဆုံးသွားပြီတဲ့ "
" ဟယ် ဘယ်လို ဖြစ်တာလည်း ဟိုးတလောကမှ ရွာထိပ်မှာ နွားကျောင်းနေတာ တွေ့မိသေးတယ် သန်သန်မာမာကြီးပါအေ "
" အေး ဟုတ်တယ် နွားကျောင်းသွားတုန်းက ဖြစ်တာတဲ့ "
"ဟယ် ဟုတ်လား နွားခွေ့ခံရတာလား"
"အာာာ ဟုတ်ပါဘူးအေ ညည်းကလဲ နွားကျောင်းသွားတုန်းက ကမြင်းမနီကိုက်ခံရလို့ သေသွားတာတဲ့ "
" မဖြစ်နိုင်တာအေ ညည်းကလည်း ငါတို့လည်း ကမြင်းမနီခဏခဏ ကိုက်ခံနေရတာပဲလေ မြက်နဲ့ပွတ်ထုတ်လိုက်ရင် ရတာပဲလေ "
" ဟုတ်ပါတယ်ဆိုအေ ကမြင်းမနီအကိုက်ခံရတိုင်း သေတာ မဟုတ်ဘူးတဲ့
ပိုးပါတဲ့ ကမြင်းမနီကိုက်ခံရရင် သေတတ်တာလို့ ပြောတာပဲအေ "
" အော် အက်လိုလား တို့ဖြင့်မသိပေါင်အေ "
" အေးဟဲ့ ဖိုးသားအေး က ချမ်းလိုက် တုန်လိုက် ဖျားလိုက်နဲ့ ရွာမှာတင် ဆေးမြီးတိုနဲ့ ကုနေတာ ၁ပတ်လောက်ရှိပြီလေ အက်ဒါ နောက်ဆုံး အသက်ရှုတွေကျပ် မောပြီး ကယောင်ကတမ်းတွေဖြစ်လို့ မြို့ကဆေးရုံပို့လိုက်ရတာတဲ့
ဆေးရုံရောက်တော့ နောက်ကျနေပြီတဲ့လေ
အထူးကြပ်မတ်ဆောင်မှာ သန့်ရှင်းရေးလုပ်ပေးတော့မှ ပေါင်ခြံက ကမြင်းမနီကိုက်ခံထားရတဲ့ အနာတွေ့တာတဲ့
အချိန်လွန်မှဆိုတော့ မရတော့ပါဘူးအေ
ဆေးရုံရောက်ပြီး နောက်ရက် ဆုံးသွားတာပဲတဲ့ "
" ဟယ် သနားပါတယ်အေ ကိုရင်သာအေးက ရွာမှာဆို သာရေးနာရေးဆို ထိပ်ဆုံးက ကူတဲ့လူပါအေ စိတ်ရင်းလည်းကောင်း သဘောလည်းကောင်းပါတယ် ဘဝကူးကောင်းပါစေ ကောင်းရာမွန်ရာ ရောက်ပါစေလို့ပဲ ဆုတောင်းပေးရတော့မှာပေါ့အေ 😔😔😔 "
မကျည်းပင်ရွာက ဖိုးသာအေးရဲ့ အဖြစ်အပျက်လေးပေါ့ဗျာ
===============================
#ကမြင်းမနီကိုက်လျှင်_သေတတ်သည်……
ကမြင်းမနီကိုက်ခံရတိုင်းတော့ မသေပါဘူး ပိုးပါတဲ့ ကမြင်းမနီကိုက်ခံရရင်တော့ သေတတ်ပါတယ်
မြန်မာနိုင်ငံနေရာဒေသ အနှံ့အပြားမှာ ကမြင်းမနီကိုက်ခံရလို့ ဖြစ်တဲ့ တိုက်ဖွိုက်ရောဂါတမျိုး(scrub typhus)ဖြစ်ပွားခံစားရသောလူနာ အတော်များများကို တွေ့ရှိနေရပါတယ်။
တချို့လည်း အသက်ဆုံးရတဲ့အထိဖြစ်ကြပါတယ်
#အဖျားကြာရှည်ပြီး_ကမြင်းနီအကိုက်ခံရဖူးခြင်းရှိလျှင်_ဂရုစိုက်သင့်ပါတယ်
သတိထားသင့်တဲ့လက္ခဏာတွေကတော့
👉👉👉 အဖျားကြာရှည်တတ်ခြင်း ဖျားတဲ့အခါမှာလည်း အဖျားကြီး၍ ချမ်းတတ်တုန်တတ်ခြင်း
👉👉👉ကမြင်းနီ/အကောင်ကိုက်ခံထားရဖူးခြင်း
အကိုက်ခံရ၍ 10ရက်မှ 12ဝန်းကျင်တွင် စ၍ဖျားတတ်ပါတယ် အကိုက်ခံရတဲ့ အနာကိုလည်း ရှာတွေ့နိုင်ပါတယ်
အနာသည် အစကနဦးတွင် ယားတတ် နာတတ်သော်လည်း နောက်ပိုင်းတွင် ယားခြင်း နာခြင်း သိပ်မရှိတော့ပါ
အနာ၏အလယ်တွင်ချိုင့်ခွက်နေတတ်ပြီးအမဲရောင် အနာဖေးကဲ့သို့ရှိနေတတ်ခြင်း(အချို့လည်း ခွါပြစ်လိုက်ခြင်း ကွာကျသွားခြင်းတို့ကြောင့် မတွေ့ရတတ်တော့ပါ)
အများဆုံးအကိုက်ခံရတတ်တဲ့နေရာများကတော့
-ပေါင်ခြံကြား
-ချိုင်းကြား
-ဝမ်းဗိုက်
-ဘော
-အမွှေးများရှိရာ နေရာများ(မွှေးကျွတ်နာလို့လဲပြောတတ်)
👉👉👉 ပေါင်ခြံ ဂျိုင်းကြား အစသဖြင့် ခန္ဓာကိုယ်အနှံ့အထူးသဖြင့် အကိုက်ခံရသည့်နေရာ ဝန်းကျင်တွင် အကျိတ်ခိုနေတတ်ခြင်း
👉👉👉 ခေါင်းကိုက်ခြင်း ကိုယ်လက်ကိုက်ခဲခြင်း
👉👉👉 မျက်လုံးအနည်းငယ် နီနေတတ်ခြင်း
👉👉👉 ခန္ဓာကိုယ် ဝမ်းဗိုက် မျက်နှာ စသည်တို့တွင် အနီပြင်များ ရှိနေတတ်ခြင်း
👉👉👉 ချောင်းဆိုးတတ်ခြင်း
👉👉👉 ဗိုက်အောင့် ဗိုက်နာ မအီမသာ ပျို့အန်တတ်ခြင်း
👉👉👉 သွေးပေါင်ကျတတ်ခြင်း
👉👉👉 ကယောင်ကတမ်းဖြစ်ခြင်း
(အထက်ပါရောဂါလက္ခဏာများမှာ ဖြစ်ပွားသည့်လူနာတစ်ဦးတည်းတွင် အကုန်အလုံးစုံတော့ မရှိတတ်ပါ)
အထူးဂရုစိုက်ရန် အချက်မှာ ရက်ရှည်ဖျား၍ ကမြင်းမနီ/အကောင်/ပိုးမွှားကိုက်ခံထားရဖူးခြင်းရှိလျှင် ကမြင်းမနီတွိုက်ဖွိုက်(Scrub Typhus) ကို သတိပြုအလေးထားမိရန်ဖြစ်သည်။
ကုသရန်ဆေးဝါးမှာလည်း အဖိုးအခများစွာမကုန်ကျသောပိုးသတ်ဆေးတမျိုးဖြင့် ပျောက်ကင်းနိုင်ပေသည်။
(အများပြည်သူ သတိပြုဂရုစိုက်မိစေရန်ရည်ရွယ်ရေးသားပါသည်)
Photo Credit Dr Aung Ye Aungနှင့်
credit ပေးထိုက်သူဆရာများအားလုံးကို creditပေးပါတယ်
Saturday, August 3, 2019
#ရေသောက်သုံးခြင်းသည်ဦးနှောက်ကိုများစွာအကျိုးပြု့ 
#ရေသောက်သုံးခြင်းသည်ဦးနှောက်ကိုများစွာအကျိုးပြု့
=====*=====*=====*=====*=====*====
ရေသောက်သုံးခြင်းသည် လူသားများ၏ အတွေးနှင့်စိတ်အာရုံကို လန်းဆန်းစေပြီး ပြဿနာများ အားဖြေရှင်း ရာတွင် ပိုမိုထက်မြက်စေကြောင်း သုတေသီများကတွေ့ ရှိခဲ့ပါသည် ။
ထို့ ကြောင့် လူသားတို့ သည်ရေဆာလောင်နေပါက အခက်အခဲ ၊ ပြဿနာများကို ဖြေရှင်းရာတွင် နှေးကွေးလေ့ရှိပြီး ရေဆာပြေချိန်တွင် ဌင်းတို့ ၏စိတ်အာရုံမှာ လန်းဆန်းလာသောကြောင့် အခက်အခဲ များကို ကိုင်တွယ်ဖြေရှင်းရာတွင်ထက်မြက်လာခြင်းဖြစ်ကြောင်း သုတေသီများက ကောက်ချက်ချခဲ့သည် ။
ထို့အပြင် ရေကိုလုံလောက်စွာ သောက်သုံးမှု မရှိခြင်းသည် လူသားတို့ ၏ တွေးခေါ်လုပ်ဆောင်မှု ကိုပိုမိုခက်ခဲစေကြောင့် သိရသည် ။
သုတေသီများ၏လေ့လာစမ်းသပ်မှု့ မှာ စက်ဘီးကို နာရီဝက်ကြာစီးနှင်းခဲ့ကြသည့် ဆယ်ကျော်သက်များ၏ ဦးနှောက်ကို စကင်ဖတ်၍ စစ်ဆေးခြင်းနှင့် ဌင်းတို့ ၏ ချွေးထွက်မှု ပမာဏကို လေ့လာခဲ့ကြသည် ။
ယင်းသို့ လေ့လာရာတွင် ချွေးထွက်မှု ပမာဏများပြားသူများ၏ ဦးနှောက်အတွင်းရှိ တစ်သျှုးများသည့် ရှု့ံသွားသည်ကိုတွေ့ ရှိခဲ့သည် ။ သို့ ရာတွင် ဌင်းတို့ သည် ရေတစ်ခွက် သို့ မဟုတ် နှစ်ခွက်သောက်သုံးပြီးချိန် တွင် ဌင်းတို့ ၏ ဦးနှောက်များမှာ မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်ကို လေ့လာစမ်း သပ်တွေ့ ရှိခဲ့ပါသည် ။
သုတေသီများ၏ အဆိုအရ မိနစ် ၉၀ ကြာပုံမှန်ချွေးထွက်နေမည်ဆိုပါက ဦးနှောက်သည် အသက်တစ်နှစ် ပိုမို ကြီးသွားသကဲ့ သို့ ရှုံ့ သွားနိုင်ကြောင်း သိရသည် ။
Share this:
Credit