Monday, August 5, 2019

လေးဘက်နာရောဂါ

လေးဘက်နာရောဂါ
============
            လူတော်တော်များများ အဆစ်အမြစ် နာလျှင် လေးဘက်နာ ရောဂါကို အရင်ဆုံး သတိရတတ်ကြပါတယ်။ လေးဘက်နာ ဖြစ်လျှင် ပင်နီဆလင် ထိုးရတယ် စားဆေး စားရတယ် ဆိုတာ လူတိုင်း သိကြပါတယ်။
            ဒါပေမယ့် လေးဘက်နာ တမျိုးတည်းရှိတယ် လို့ထင် နေကြတာများပါတယ်။ အဖြစ်များတဲ့ လူသိများတဲ့ လေးဘက်နာ (၃)မျိုးရှိပါတယ်။
            ပထမဆုံးပြောချင်တဲ့ လေးဘက်နာရောဂါကတော့ အရပ်ခေါ် ပိုးလေးဘက်နာပါ။ ဟုတ်ပါတယ် သူက ပိုးကြောင့်ဖြစ် လို့ပါ။ အသက်ငယ်ပိုင်း နဲ့ လူလတ်ပိုင်းတွေမှာ အတွေ့ရ များပါတယ်။ အဆစ်ကြီးတွေ (ဒူး၊ ခြေကျင်းဝတ်၊ လက်ကောက် ဝတ်) မှာ ဖြစ်လေ့ရှိပြီး ဟိုအဆစ်နာ ဒီအဆစ်နာလိုက်နဲ့ ပြောင်း လဲ နေတတ်ပါတယ်။  တခြားရောဂါများနှင့်လည်း စပ်ဆက် နေတတ်ပါတယ်။  သေချာအောင် ASO ကိုစစ်ဆေးပြီး ပင်နီဆလင် ထိုးဆေး သို့မဟုတ် စားဆေးများဖြင့် ကုသ နိုင်ပါတယ်။
            ဒုတိယ တမျိုးကတော့ အရပ်ခေါ် သွေးလေးဘက်နာ Gout ရောဂါဖြစ်ပါတယ်။ သူကတော့ သွေးထဲမှာ မကောင်းတဲ့ ဓာတ် တွေများနေပြီး အဆစ်ကြားထဲမှာ စုပုံခဲနေလို့ အဆစ် အမြေစ်တွေ နာကျင်ရောင်ရမ်းရတာပါ။  သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေ မှာ အဖြစ်များပြီး အမျိုးသားတွေမှာ ပိုဖြစ်တာတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ၄၀ ကျော်ရင်တော့ အမျိုးသမီးတွေမှာ ပိုများလာတာ တွေ့ရပါတယ်။  ခြေမ အဆစ်ရင်းတွင်စတင်နာကျင်တတ်ပြီး အဆစ်ကြီးများတွင် အတွေ့ရများပါတယ်။ နာတာရှည်ပါက အရေပြားပေါ်တွင် အဖုလုံးများပေါ်တတ်ပါတယ်။ တခြားရောဂါများနှင့် စပ်ဆက်ဖြစ် ပေါ် တတ်ပါတယ်။ Gout ရောဂါဟုတ်မဟုတ် Uric acid စစ်ဆေးသိရှိနိုင်ပါတယ်။  ပိုပြီးသေချာတာက အဆစ်အရည် သို့မဟုတ် တစ်ရှူးကို ဓာတ်ခွဲခန်းတွင် စမ်းသပ်ခြင်းဖြစ်သည်။ ကုသရာတွင် စားဆေးကို လအတော်ကြာစွဲသောက်ပြီး uric acid မြင့်စေသော အစားအစာ များကို ရှောင်ကြဉ်ဖို့လိုပါတယ်။ မြေပေါ်၆လက္မ မြေအောက်၆လက္မ အတွင်းရှိ အသီးအရွက် သစ်ဥသစ်ဖုများ (ဥပမာ၊ မျှစ် ပဲပင်ပေါက် မြေပဲ အာလူး ပဲမြစ်) အသားငါးများတွင် ဝမ်းတွင်းကလီစာများ၊ ပင်လယ်ငါးအဆီများ၊ ပုဇွန်တုပ် ပုဇွန်ဆိတ် ဂဏန်း ကမာ ၊ အခြားအစားအစာများတွင် ဘီယာ အရက် ကော်ဖီ စတာတွေကို ရှောင်သင့်ပါတယ်။ တချို့ သော ဆေးဝါးများသည်လည်း uric acid ကိုမြင့်စေ နိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။
            နောက်ဆုံးတစ်ခုကတော့ နာတာရှည်လေးဘက်နာ ရောဂါ Rheumatoid Arthritis (RA) ပါ။ သူကတော့ အဆိုးဆုံးပါပဲ။ အမျိုးသမီးတွေမှာ အဖြစ်များတတ်ပြီး အသက် ၄၀ တွင်အများဆုံးဖြစ်တတ်ပါတယ်။ လက်ဆစ်ငယ်များတွင် စတင်ဖြစ်ပွားတတ်ပြီး အဆစ်တိုင်းတွင်ဖြစ်နိုင်ပါတယ်။ နာတာ ရှည်လာပါက အဆစ်များတောင့်တင်း ကွေးကောက်ပြီး လှုပ်ရှား ၍မရတော့ပါ။ အခြားရောဂါလက္ခဏာများစွာကိုလည်း ဖြစ်ပေါ်စေ နိုင်ပါတယ်။ သေချာအောင် RF/RA ၊ ANA ကိုစစ်ဆေးနိုင်ပါ တယ်။ ကုသ ပျောက်ကင်းရန် အလွန်ခက်ခဲပါတယ်။ ကုသမှု နောက်ကျပါက အဆစ်များ ကွေးကောက်တောင့်တင်းပြီး လှုပ်မရ တော့ပါ။ ထိုးဆေးများ စားဆေးများအပြင် ကိုယ်ခံအားဇီဝ ကုထုံး များဖြင့် ပေါင်းစပ်ကုသကြရပါတယ်။  ပုံမှန်စစ်ဆေးကုသခြင်း သည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
            ထို့ကြောင့် အဆစ်အမြစ်နာလျှင် ပေါ့ဆမနေပဲ စော လျှင်စွာ စစ်ဆေးကုသမှုခံယူသင့်ပါကြောင်း...
Credit

No comments:

Post a Comment