" ဟဲ့ ညည်း ရွာတောင်ပိုင်းက ဖိုးသာအေး သတင်းကြားပြီးပြီလား မိကွန့် "
" ကာလသားခေါင်းဖိုးသားအေးကိုပြောတာလား မကြားမိပါဘူးအေ ဘာဖြစ်လို့တုန်း "
" အေး ဟုတ်တယ် အဲ့ဒီဖိုးသာအေးပြောတာ မနေ့ညက ဆုံးသွားပြီတဲ့ "
" ဟယ် ဘယ်လို ဖြစ်တာလည်း ဟိုးတလောကမှ ရွာထိပ်မှာ နွားကျောင်းနေတာ တွေ့မိသေးတယ် သန်သန်မာမာကြီးပါအေ "
" အေး ဟုတ်တယ် နွားကျောင်းသွားတုန်းက ဖြစ်တာတဲ့ "
"ဟယ် ဟုတ်လား နွားခွေ့ခံရတာလား"
"အာာာ ဟုတ်ပါဘူးအေ ညည်းကလဲ နွားကျောင်းသွားတုန်းက ကမြင်းမနီကိုက်ခံရလို့ သေသွားတာတဲ့ "
" မဖြစ်နိုင်တာအေ ညည်းကလည်း ငါတို့လည်း ကမြင်းမနီခဏခဏ ကိုက်ခံနေရတာပဲလေ မြက်နဲ့ပွတ်ထုတ်လိုက်ရင် ရတာပဲလေ "
" ဟုတ်ပါတယ်ဆိုအေ ကမြင်းမနီအကိုက်ခံရတိုင်း သေတာ မဟုတ်ဘူးတဲ့
ပိုးပါတဲ့ ကမြင်းမနီကိုက်ခံရရင် သေတတ်တာလို့ ပြောတာပဲအေ "
" အော် အက်လိုလား တို့ဖြင့်မသိပေါင်အေ "
" အေးဟဲ့ ဖိုးသားအေး က ချမ်းလိုက် တုန်လိုက် ဖျားလိုက်နဲ့ ရွာမှာတင် ဆေးမြီးတိုနဲ့ ကုနေတာ ၁ပတ်လောက်ရှိပြီလေ အက်ဒါ နောက်ဆုံး အသက်ရှုတွေကျပ် မောပြီး ကယောင်ကတမ်းတွေဖြစ်လို့ မြို့ကဆေးရုံပို့လိုက်ရတာတဲ့
ဆေးရုံရောက်တော့ နောက်ကျနေပြီတဲ့လေ
အထူးကြပ်မတ်ဆောင်မှာ သန့်ရှင်းရေးလုပ်ပေးတော့မှ ပေါင်ခြံက ကမြင်းမနီကိုက်ခံထားရတဲ့ အနာတွေ့တာတဲ့
အချိန်လွန်မှဆိုတော့ မရတော့ပါဘူးအေ
ဆေးရုံရောက်ပြီး နောက်ရက် ဆုံးသွားတာပဲတဲ့ "
" ဟယ် သနားပါတယ်အေ ကိုရင်သာအေးက ရွာမှာဆို သာရေးနာရေးဆို ထိပ်ဆုံးက ကူတဲ့လူပါအေ စိတ်ရင်းလည်းကောင်း သဘောလည်းကောင်းပါတယ် ဘဝကူးကောင်းပါစေ ကောင်းရာမွန်ရာ ရောက်ပါစေလို့ပဲ ဆုတောင်းပေးရတော့မှာပေါ့အေ 😔😔😔 "
မကျည်းပင်ရွာက ဖိုးသာအေးရဲ့ အဖြစ်အပျက်လေးပေါ့ဗျာ
===============================
#ကမြင်းမနီကိုက်လျှင်_သေတတ်သည်……
ကမြင်းမနီကိုက်ခံရတိုင်းတော့ မသေပါဘူး ပိုးပါတဲ့ ကမြင်းမနီကိုက်ခံရရင်တော့ သေတတ်ပါတယ်
မြန်မာနိုင်ငံနေရာဒေသ အနှံ့အပြားမှာ ကမြင်းမနီကိုက်ခံရလို့ ဖြစ်တဲ့ တိုက်ဖွိုက်ရောဂါတမျိုး(scrub typhus)ဖြစ်ပွားခံစားရသောလူနာ အတော်များများကို တွေ့ရှိနေရပါတယ်။
တချို့လည်း အသက်ဆုံးရတဲ့အထိဖြစ်ကြပါတယ်
#အဖျားကြာရှည်ပြီး_ကမြင်းနီအကိုက်ခံရဖူးခြင်းရှိလျှင်_ဂရုစိုက်သင့်ပါတယ်
သတိထားသင့်တဲ့လက္ခဏာတွေကတော့
👉👉👉 အဖျားကြာရှည်တတ်ခြင်း ဖျားတဲ့အခါမှာလည်း အဖျားကြီး၍ ချမ်းတတ်တုန်တတ်ခြင်း
👉👉👉ကမြင်းနီ/အကောင်ကိုက်ခံထားရဖူးခြင်း
အကိုက်ခံရ၍ 10ရက်မှ 12ဝန်းကျင်တွင် စ၍ဖျားတတ်ပါတယ် အကိုက်ခံရတဲ့ အနာကိုလည်း ရှာတွေ့နိုင်ပါတယ်
အနာသည် အစကနဦးတွင် ယားတတ် နာတတ်သော်လည်း နောက်ပိုင်းတွင် ယားခြင်း နာခြင်း သိပ်မရှိတော့ပါ
အနာ၏အလယ်တွင်ချိုင့်ခွက်နေတတ်ပြီးအမဲရောင် အနာဖေးကဲ့သို့ရှိနေတတ်ခြင်း(အချို့လည်း ခွါပြစ်လိုက်ခြင်း ကွာကျသွားခြင်းတို့ကြောင့် မတွေ့ရတတ်တော့ပါ)
အများဆုံးအကိုက်ခံရတတ်တဲ့နေရာများကတော့
-ပေါင်ခြံကြား
-ချိုင်းကြား
-ဝမ်းဗိုက်
-ဘော
-အမွှေးများရှိရာ နေရာများ(မွှေးကျွတ်နာလို့လဲပြောတတ်)
👉👉👉 ပေါင်ခြံ ဂျိုင်းကြား အစသဖြင့် ခန္ဓာကိုယ်အနှံ့အထူးသဖြင့် အကိုက်ခံရသည့်နေရာ ဝန်းကျင်တွင် အကျိတ်ခိုနေတတ်ခြင်း
👉👉👉 ခေါင်းကိုက်ခြင်း ကိုယ်လက်ကိုက်ခဲခြင်း
👉👉👉 မျက်လုံးအနည်းငယ် နီနေတတ်ခြင်း
👉👉👉 ခန္ဓာကိုယ် ဝမ်းဗိုက် မျက်နှာ စသည်တို့တွင် အနီပြင်များ ရှိနေတတ်ခြင်း
👉👉👉 ချောင်းဆိုးတတ်ခြင်း
👉👉👉 ဗိုက်အောင့် ဗိုက်နာ မအီမသာ ပျို့အန်တတ်ခြင်း
👉👉👉 သွေးပေါင်ကျတတ်ခြင်း
👉👉👉 ကယောင်ကတမ်းဖြစ်ခြင်း
(အထက်ပါရောဂါလက္ခဏာများမှာ ဖြစ်ပွားသည့်လူနာတစ်ဦးတည်းတွင် အကုန်အလုံးစုံတော့ မရှိတတ်ပါ)
အထူးဂရုစိုက်ရန် အချက်မှာ ရက်ရှည်ဖျား၍ ကမြင်းမနီ/အကောင်/ပိုးမွှားကိုက်ခံထားရဖူးခြင်းရှိလျှင် ကမြင်းမနီတွိုက်ဖွိုက်(Scrub Typhus) ကို သတိပြုအလေးထားမိရန်ဖြစ်သည်။
ကုသရန်ဆေးဝါးမှာလည်း အဖိုးအခများစွာမကုန်ကျသောပိုးသတ်ဆေးတမျိုးဖြင့် ပျောက်ကင်းနိုင်ပေသည်။
(အများပြည်သူ သတိပြုဂရုစိုက်မိစေရန်ရည်ရွယ်ရေးသားပါသည်)
Photo Credit Dr Aung Ye Aungနှင့်
credit ပေးထိုက်သူဆရာများအားလုံးကို creditပေးပါတယ်
No comments:
Post a Comment