ဆီးချိုသွေးချိုရောဂါဘာလို့ဖြစ်
=================
ဆရာ ကျွန်မက ဆီးချိုရောဂါမရှိပါဘူး သွေးချိုရောဂါရောဂါပဲရှိတာပါ။
တကယ့်ကိုအဲ့လိုပြောတာပါ။ တချို့လူနာတွေကိုယ်တိုင်ကိုက ဆီးချိုနဲ့သွေးချိုရောဂါ မတူဘူးလို့ထင်နေကြတာပါ။
ဟုတ်ပါတယ် ဟိုးအရင်က ဆီးချိုရောဂါသည်တွေကို စမ်းသပ်စစ်ဆေးတဲ့အခါ လူနာရဲ့ဆီးကို ဓာတ်ပြုစစ်ဆေးပြီး ခန္ဓာကိုယ်တွင်းသကြားဓာတ်အခြေအနေကို ခန့်မှန်း ကုသကြရပါတယ်။
ဒါပေမယ့် နောက်ပိုင်းကာလတွေမှာ တွေ့ရှိချက်တွေအရ ဆီးကို စစ်ဆေးခြင်း ထက် သွေးကို စစ်ဆေးခြင်းက ပိုမိုတိကျပြီး ကုသမှုအတွက်များစွာ ပိုမိုထိရောက်သဖြင့် ယခင်ကကဲ့သို့ ဆီးစစ်ဆေးခြင်းများကို သိပ်မလုပ်တော့ပဲ သွေးစစ်ဆေးခြင်းဖြင့် သာ တွက်ချက်ကုသကြသည်။
သွေးချိုသဖြင့်ဆီးချိုခြင်းဖြစ်သည်။ ထိုရောဂါ ၂ ခုသည် အတူတူပင်ဖြစ်သည်။
ဘာလို့ဆီးချိုရောဂါဖြစ်သလဲ? ခန္ဓာကိုယ်မှာ စားသမျှ အစားအစာကို ဂလူးကို့စ် သကြားဓာတ်အဖြစ်ပြောင်းလဲပေးပြီး Energy စွမ်းအင်အဖြစ် ခန္ဓာကိုယ် အသက်ရှင်သန်လှုပ်ရှားနိုင်စေသည်။ ထိုသို့ပြောင်းလဲရန် အဓိက လိုအပ်သောအရာမှာ အင်ဆူလင် ဖြစ်သည်။ အင်ဆူလင်သည် သွေးထဲမှသကြားဓာတ်ကို ခန္ဓာကိုယ်ဆဲလ် တစ်ရှူး အင်္ဂါအစိတ်အပိုင်းများ အသုံးပြုနိုင်ရန် ပို့ဆောင်ပေးရသည်။
၎င်းအင်ဆူလင် နည်းနေလျှင် သို့မဟုတ် မရှိလျှင် သွေးအတွင်းမှသကြားဓာတ် များကို အသုံးမပြုနိုင်ပဲ သွေးအတွင်း သကြားဓာတ်များမြင့်တက်လာကာ ဆီးချိုသွေးချို ရောဂါဖြစ်နိုင်သည်။ ထို့အပြင် အင်ဆူလင်များ အလုံအလောက်ရှိနေသော်လည်း ၄င်း အင်ဆူလင်သည် ကောင်းကောင်းမလုပ်လျှင်သော်လည်းကောင်း၊ ခန္ဓာကိုယ်၏ ဆဲလ် တစ်ရှူးများက အင်ဆူလင်ကို ကောင်းမွန်စွာတုန့်ပြန်မှုမရှိလျှင်သော်လည်းကောင်း ဆီးချိုသွေးချိုရောဂါဖြစ်နိုင်သည်။
ထိုကြောင့်အင်ဆူလင်၏အခြေအနေကို ခန့်မှန်းတွက်ဆ၍ သင့်တော်သော ထိုးဆေး စားဆေးများပေးရသည်။
ဘယ်သူတွေဆီးချိုရောဂါဖြစ်သလဲ? လူတိုင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါ အမျိုးအစား (၁) ကို အင်ဆူလင် ချို့တဲ့သူများတွင်တွေ့ရသည်။ အထူးသဖြင့် အသက်ငယ်ရွယ်သူများဖြစ်တတ်သည်။ မျိုးရိုးလည်းလိုက်တတ်သည်။
ဆီးချိုသွေးချိုအမျိုးအစား(၂) သည် အင်ဆူလင်လုံလောက်သော်လည်း ကောင်းကောင်းအလုပ်မဖြစ်သောသူများတွင်ဖြစ်သည်။ အသက်ကြီးသူများ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူများ၊ အဝလွန်သူများတွင်အတွေ့ရများသည်။ ၄င်းသည်လည်း မျိုးရိုးလိုက်တတ်သည်။
ထိုကြောင့်ဆီးချိုရောဂါဖြစ်လျှင်မပေါ့ဆပဲ သေချာစွာ စမ်းသပ်ကုသရန်လိုအပ်သည်။ ၄င်းရောဂါ၏ နောက်ဆက်တွဲရောဂါများနှင့် ဆေးဝါးများအကြောင်းကို ဆက်လက်ဖော်ပြပါမည်။
Credit
No comments:
Post a Comment