Sunday, July 21, 2019

ခုမှမွေးတဲ့ မေမေတို့ရဲ့ မွေးကင်းစ ကလေးအတွက် သတိပြုစရာ !!!

ခုမှမွေးတဲ့ မေမေတို့ရဲ့ မွေးကင်းစ ကလေးအတွက် သတိပြုစရာ !!!

၁။ မိခင်နို့ကို ကလေးမွေးပြီး နာရီဝက်အတွင်း တတ်နိုင်သမျှ တိုက်ကျွေးပါ။ ကလေးကို နို့ဦးရည်တိုက်ကျွေးခြင်းကြောင့်ရောဂါပိုးကာကွယ်နိုင်သော ပဋိပစ္စည်း antibodies များ ကလေးထံရောက်ရှိလာမှာ ဖြစ်လို့ ဝမ်းလျှော , အဆုတ်ရောင် နမိုးနီးယား ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်

၂။ ကလေးကို အသက်ခြောက်လအထိ မိခင်နို့ရည်တစ်မျိုးတည်း ကိုသာ တိုက်ကျွေးသင့်ပါတယ်။ မိခင်နို့ရည်ဟာ ကလေးအတွက် လုံလောက်သောအာဟာရနဲ့ ရေကိုပေးစွမ်းနိုင်ပါတယ်။မိခင်နို့ကို demand feeding ခေါ် အချိန်အခါမရွေး ကလေးတောင်းတဲ့အချိန်တိုင်း တိုက်ကျွေးသင့်ပါတယ်

၃။ကလေးကို ပက်လက် supine သိပ်စေချင်ပါတယ်။ နို့တိုက်ပြီးကာစ ညာဘက်စောင်းသိပ်ပြီးနောက်ပိုင်း ပက်လက်အိပ်ခြင်းက ကလေးအတွက်ရုတ်တရက်သေဆုံးခြင်း sudden infant death ကိုလျော့နည်းစေလို့ ဖြစ်ပါတယ်

၎။ ကလေးကိုနို့တိုက်ပြီးတိုင်း လေသေသေချာချာ ထုတ်ပေးပြီး ညာဘက်ကို ခဏစောင်းသိပ်ထားပေးပါက ကလေးတွင်ဖြစ်တတ်သော infantile colic ခေါ် လေနာခြင်းကို သက်သာစေပါတယ်။

၅။ မွေးကင်းစကလေးကို ချက်မကြွေမချင်း ရေချိုးခြင်းမပြုလုပ်သင့်ပါဘူး ။ ကလေးကိုရေပတ်ဝတ်ဖြင့်သာ သန့်ရှင်းရေးပြုလုပ်သင့်ပါတယ်။  သန့်ရှင်းရေးပြုလုပ်ရာတွင် လည်ပင်း၊ ချိုင်း၊ ပေါင်ခြံ စသည့်နေရာလေးတွေကို သေချာ သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ် ။ ချက်ကြွေပါက ရေချိုးပေးပါ ။

၆။ကလေးရဲ့ချက်ထဲကို ဘာမှမထည့်တာ အကောင်းဆုံးဖြစ်ပါတယ်။ ကလေးချက်ကြွေအောင်နှင့်  ချက်အနာကိုက်မည် အထင်နှင့် ဆေးတို့ဖတ်ကြီးထည့်ခြင်း ,ဆနွင်းထည့်ခြင်း , စတာတွေ မလုပ်ရပါဘူး ။
ချက်မှ တဆင့် ရောဂါပိုးတွေ အလွယ်တကူပြန့်နှံ့ပီး ကလေးကို အသက်အန္တရာယ်ရှိစေပါတယ် ။

၇။ ကလေးရဲ့သဘာဝအရ နို့တိုက်ပြီးတိုင်း ခဏအကြာတွင် ဝမ်းသွားတတ်ပါတယ်။ခနခန ၄ ကြိမ်မှ ၁၀ကြိမ်ထိ သွားနိုင်ပါတယ် ။

၈။ တချို့သောမီးမီးလေးတွေမှာ မွေးပြီးတစ်ပတ်အကြာလောက်မှာ သွေးဆင်းခြင်း ဖြစ်တတ်ပါတယ်။ ရင်သားကြီးတာလေးတွေ ဖြစ်တတ်ပါတယ်။ ဘာမှ လုပ်ဖို့မလိုပါ။သူ့ဘာသာ အလိုလိုပျောက်သွားပါမယ်။လက်ဖြင့် ကလေးရင်သားမှ နို့ညှစ်ပေးခြင်း , အပ်ဖြင့်စုပ်ခြင်းမလုပ်ပါနဲ့ ။ ရောဂါပိုးဖိတ်ခေါ်သလိုဖြစ်တတ်ပါတယ် ။

၉။ မွေးကင်းစကလေးရဲ့ အသားအရောင်ဟာ ပန်းရောင်ဖြစ်လို့ ကလေးဟာပြာနှမ်းလာခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း စတဲ့အရောင်ပြောင်းလဲမှုကြုံတွေ့လာရင် နီးစပ်ရာ ဆေးရုံ ဆေးခန်းပြဖို့လိုပါတယ်။

၁၀။ ကလေးဟာ အသားဝါတတ်ပါတယ်။ မွေးကင်းစကလေး အသားဝါရောဂါဟာ အသက်အန္တရာယ် ပေးနိုင်တဲ့ အပြငိ ဦးနှောက်ကိုထိခိုက်နိုင်တဲ့ အတွက် မသန်စွမ်းကလေးတွေဖြစ်နို်င်ပါတယ် ။ အသားဝါဖြစ်နိုင် သောအကြောင်းအရာ များပြားတဲ့အတွက်ကြောင့်မို့ နေရောင်ပြသခြင်း, မီးချောင်းအိမ်မှာစွဲပြခြင်းဖြင့် အချိန်မဆွဲသင့်ပါ။ ကလေးမွေးပီး မီးနေခန်းအမှောင်ထဲထားခြင်း မပြုလုပ်ပဲ အသားဝါမဝါ ကြည့်ပေးပါ။

၁၁။ မွေးကင်းစကလေး မျက်စိနာခြင်းဖြစ်ရင် ပထမနှစ်ရက်အတွင်းနှင့် တစ်ပတ်ကြာပြီးဖြစ်ပါက မျက်စိကွယ်စေတတ်သောရောဂါပိုးကြောင့် ဖြစ်တတ်တဲ့အတွက် မိခင်နို့ရည်ခတ်ပီး စောင့်နေခြင်း မပြုသင့်ပါဘူး။

၁၂။ မွေးကင်းစကလေးများမှာ မွေးပီး မကြာ အဖုလေးတွေ ပြည်ဖုလေးတွေ ပေါက်တတ်ပါတယ် ။ တချို့သော အဖြူဖုလေးတွေက စိတ်မပူရပေမယ့် တချို့သော ပြည်ဖုလေးများဟာ အသက်အန္တရာယ်ရှိလို့
သေသေချာချာ ကုသပေးရပါတယ်။

၁၃။ မေမေတို့ရဲ့ကလေး ပုံမှန်နို့စို့ခြင်း ရှိမရှိ သေချာ ဂရုစိုက်ရမယ် ။ နို့စို့အကြိမ်နဲခြင်း၊ နို့လုံးဝမစို့ခြင်း၊ ရှူးရှူးသွားတာ နဲခြင်းရှိမရှိဂရုစိုက် ကြည့်သင့်ပါတယ်။
နို့စို့နဲပါက ချက်ချင်း နီးစပ်ရာ ကျန်းမာရေးဌာနကိုပြပါ။

၁၄။ မွေးကင်းစကလေးတစ်ယောက်ဟာ ဆီးရော၊ဝမ်းရော မွေးဖွားပြီး ၂၄နာရီအတွင်း သွားရပါမယ်။ ၄၈နာရီအထိ ဆီး၊ဝမ်း မသွားပါက ထိရောက်တဲ့ ကုသမှုလိုအပ်ပါတယ်။

၁၅။မိခင်ဝမ်းမှ မွေးဖွားလာပီးပီးခြင်း ကလေးဟာ ငိုခြင်း၊ ခြေလက်ရုန်းကန်ခြင်းနဲ့ လှုပ်ရှားခြင်း ရှိရပါတယ်။ မငိုတဲ့ကလေး၊ ခြေလက်လှုပ်ရှားမှုမရှိတဲ့ကလေး၊ ပြာနှမ်းတဲ့ကလေးတွေဟာ ရေမွန်းပီး ဦးနှောက်ထိခိုက်တဲ့ကလေးဖြစ်ဖို့ များပါတယ်။

၁၆။ မွေးကင်းစကလေးဟာ နို့ဆာရင်၊ လေထိုးရင်၊ ရှူးရှူး အင်းအင်းပေရင် ငိုတတ်ကြပါတယ်။ ဒါပေမယ့် မရပ်မနားငိုလာရင်တော့ ရောဂါကြောင့်ဖြစ်တတ်ပါတယ်၊

၁၇။မေမေတို့ အနေနဲ့ မွေးပီးတဲ့ အချိန်မှာ တကိုယ်ရည် သန့်ရှင်းရမယ်။ ရေချိုးလို့ရပါတယ်။ မိမိ သန့်ရှင်းမှ မိမိကလေးလေးကို ရောဂါမကူးမှာဖြစ်ပါတယ် ။
အစားအသောက်လဲ ရှောင်စရာမလိုပါ။ ငါးခြောက် ဆီစမ်းစားပီး ကျန်တာရှောင်တဲ့ မေမေတို့ရဲ့ ကလေးများ beri beri ခေါ်တဲ့ vitamin B 1 ချို့တဲ့ သောရောဂါဖြစ်တတ်ပါတယ်နော် ။

Sharing Knowledge is a kind of caring ပါလို့ ။

မေတ္တာဖြင့်
ဒေါက်တာခိုင်ဝါဝါထွန်း
ကလေးအထူးကုဆရာဝန်
၁၅၊၃၊၂၀၁၉

CRD

No comments:

Post a Comment