Thursday, July 25, 2019

ရေဖျဉ်းစွဲခြင်း

ရေဖျဉ်းစွဲခြင်း
...............
ဝမ်းဗိုက်ထဲမှာ ရေတွေများလာတာကို ရေဖျဉ်းစွဲတာလို့ ခေါ်ပါတယ်။ ဆေးပညာအရ အဆိုင်းတီး (Ascites) လို့ ခေါ်တယ်။
.
ရေဖျဉ်းစွဲလာရင် ဘယ်လိုသိနိုင်မလဲ
................................
များသောအားဖြင့်တော့ ဗိုက်ကြီးပူလာတာပဲ။ ဒီတော့ ဗိုက်ပူရတဲ့ အကြောင်းရင်းတွေ အတော်များများရှိတယ်။ ဥပမာ ၀လို့ ဗိုက်ပူလာတာ။ ၀မ်းမသွားနိုင်လို့ ဗိုက်ပူလာတာ။ ရေဖျဉ်းစွဲလို့ ဗိုက်ပူလာတာ။ ကိုယ်ဝန်ရှိလို့ ဗိုက်ပူလာတာ။ အကျိတ်တွေ ကြီးလာလို့ ဗိုက်ပူလာတာ။
.
ဒီအထဲမှာ ၀လို့ ဗိုက်ထွက်လာတာကိုတော့ လူတိုင်းသိကြမှာပါ။ ပုံမှန် သမားရိုးကျ ၀တာမဟုတ်ဘဲ ဗိုက်ဖောင်းကားလာရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
.
ရေဖျဉ်းစွဲတဲ့အခါ ဗိုက်ပူထွက်လာတာတင်မဟုတ်ဘဲ ဗိုက်ထဲမှာ ပြည့်သလို ကယ်သလို ဖြစ်လာတာ။ ဗိုက်နာတာ။ အစရှိတဲ့ ရောဂါဝေဒနာတွေလည်း ခံစားရတတ်ပါတယ်။ နောက်ပြီး ရေဖျဉ်းစွဲခြင်းဟာ အမြဲလိုလို တခြားရောဂါတစ်ခုခုနဲ့ တွဲဖြစ်တတ်တဲ့အတွက်ကြောင့် အဲဒီ ရောဂါကြောင့်ဖြစ်တဲ့ ဝေဒနာတွေကိုလည်း ခံစားရတတ်တယ်။ ဥပမာ အသည်းခြောက်ရောဂါ၊ နှလုံရောဂါ။
.
ဗိုက်ထဲမှာ ရေများတယ်ဆိုတာ ရေအသောက်များလို အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ ရေတွေများနေတာမျိုး မဟုတ်ဘူး။ လူ့ခန္ဓာကိုယ်ရဲ့ ၀မ်းဗိုက်ထဲမှာ အူတွေ ကလီစာတွေဟာ သူ့နေရာနဲ့ သူ အခွေလိုက်ရှိနေတယ်။ အခု ရေဖျဉ်းစွဲတဲ့အခါ ထွက်လာတဲ့ အရည်တွေက အဲဒီ အူလမ်းကြောင်း အပြင်မှာ ရှိနေတာပါ။ ၀မ်းဗိုက်အခေါင်းထဲ၊ ဒါပေမဲ့ အူလမ်းကြောင်းရဲ့ အပြင်ဘက်မှာ အိုင်ထွက်နေတာ။
.
ပုံမှန်အားဖြင့် အရည် ၄၀၀ စီစီလောက် စုမိလာရင် ရောဂါလက္ခဏာတွေ ပြလာတတ်တယ်။ ကိုကာကိုလာ သံဘူးတစ်ဘူးစာလောက်ပေါ့။
.
ရေဖျဉ်းဘာကြောင့် စွဲရသလဲ
.....................
အများဆုံးက အသည်းခြောက်ရောဂါကြောင့်ပဲ။ နှလုံးအားနည်းတဲ့ရောဂါ။ ကျောက်ကပ်ရောဂါ။ ၀မ်းဗိုက်ကင်ဆာရောဂါတွေကြောင့်လည်း ဖြစ်တတ်တယ်။
.
အများဆုံးက အသည်းခြောက်ရောဂါကြောင့်ပဲ။ နှလုံးအားနည်းတဲ့ရောဂါ။ ကျောက်ကပ်ရောဂါ။ ၀မ်းဗိုက်ကင်ဆာရောဂါတွေကြောင့်လည်း ဖြစ်တတ်တယ်။ ဖိအားတွေ ဆွဲအားတွေနဲ့ ထိန်းထားတယ်။ ဥပမာ သွေးကြော တစ်နေရာမှာ ပိတ်ဆို့နေရင် သူ့ဆီကို ဦးတည်လာတဲ့ သွေးကြောလမ်းတစ်လျှောက်မှာ ဖိအားတွေများလာပြီး သွေးကြောထဲက ရေဓာတ်တွေဟာ အပြင်ကို လျှံထွက်ကုန်တတ်တယ်။ ၀မ်းဗိုက်သွေးကြောတွေထဲက အပြင်ကို လျှံထွက်တဲ့အခါ ရေဖျဉ်းစွဲတော့တာပဲ။ ခုနကပြောတဲ့ အသည်းခြောက်ရောဂါမှာ အသည်းဟာ ကျုံ့ဝင်သွားတဲ့အတွက် အသည်းဆီကို သွားတဲ့ သွေးကြောတွေဟာ ပိတ်ဆို့သွားပြီး ဖိအားတွေ တက်လာတယ်။ ဒါကြောင့် ၀မ်းဗိုက် သွေးကြောတွေထဲမှာ ဖိအားတွေများပြီး အရည်တွေ လျှံထွက်တာပါ။ နှလုံးအားနည်းရောဂါမှာလည်း နှလုံးက အားနည်းတော့ သွေးတွေကို ရှေ့ကို ညှစ်မပို့နိုင်တော့ အနောက်မှာ အိုင်လာတယ်။ ဒါကြောင့် သွေးတွေ ရေဓာတ်တွေဟာ အပြင်ကို လျှံထွက်တော့တာပဲ။ သွေးရည်ကြည် သဘောမျိုးတွေပေါ့။
.
ဖိအားတွေထဲမှာ သွေးကြောထဲကို ရေဓာတ်ကို ပြန်ဆွဲတဲ့ ဖိအားတစ်မျိုးလည်း ရှိသေးတယ်။ ရေမြှုပ်လိုပဲ ပြန်စုပ်ထားတဲ့ အားပေါ့။ သွေးကြောထဲမှာ ပရိုတင်းတွေက အဲဒီလို စုပ်ယူအားကို ဖြစ်ပေါ်စေတယ်။ တစ်ချို့ရောဂါတွေမှာ သွေးကြောထဲမှာ ပရိုတင်းတွေနည်းနေတတ်တယ်။ ဥပမာ - ကျောက်ကပ်ရောဂါ၊ အသည်းခြောက်ရောဂါ။ အဲဒါဆို ရေဓာတ်တွေကို သွေးကြောထဲမှာ မထိန်းထားနိုင်တော့ဘဲ အပြင်ကို စိမ့်ထွက်ကုန်ကြတော့တာပဲ။ ဗိုက်ထဲမှာဆို ရေဖျဉ်းပေါ့။ ခြေထောက်တွေ လက်တွေမှာဆိုတော့ ဖောယောင်တာ တွေ့ရတာပေါ့။
.
ဆရာဝန်က ဘာလုပ်ပေးမလဲ
........................
ရေဖျဉ်းစွဲတယ်လို့ ထင်ခဲ့ရင် ဆရာဝန်ဆီ အမြန်ဆုံးသွားရမယ်။ ဆရာဝန်က ဗိုက်ကို စမ်းကြည့် ခေါက်ကြည့်မယ်။ ၅၀၀ စီစီထက်ကျော်နေခဲ့ရင် စမ်းကြည့်လို့ သိနိုင်တယ်။ အဲဒီထက်နည်းနေသေးရင်တော့ အာထရာဆောင်း၊ စီတီစကင်တွေမှာ တွေ့နိုင်တယ်။ တခါတလေတော့ တခြားအကြောင်းကြောင့် အာထရာဆောင်း စီတီစကင်ရိုက်ရင်းမှ အမှတ်မထင် ရေဖျဉ်းစွဲနေတာကို တွေ့သွားတတ်တာမျိုးလည်း ရှိတတ်တယ်။
.
အဲဒီလို ၀မ်းခေါင်းထဲမှာ ရေဖျဉ်းစွဲနေတာတွေ့ရင် ဆရာဝန်က ရေဖျဉ်းစွဲရခြင်းရဲ့ အကြောင်းကို ရှာတော့မှာပဲ။ အသည်းခြောက်လို့လား။ ကျောက်ကပ်ရောဂါကြောင့်လား။ ၀မ်းဗိုက်တွင်း ကင်ဆာရောဂါကြောင့်လာ်း။ ဒီတော့ ခင်ဗျားကို ဆရာဝန်က ရောဂါရာဇ၀င်တွေ အသေးစိိတ်မေးလိမ့်မယ်။ ခင်ဗျားရဲ့ နှလုံး၊ အသည်း၊ ကျောက်ကပ်တွေကို စမ်းသပ်လိမ့်မယ်။ သွေးတွေ ဖောက်ဖို့လိုရင်လည်း ဖောက်မယ်။ နောက်ဆုံး အဖြေတွေရရင် ခင်ဗျား ရေဖျဉ်းဘာကြောင့် စွဲရသလဲဆိုတာ ပြောလိမ့်မယ်။
.
ရေဖျဉ်းစွဲတာကို ဘယ်လို ကုသရမလဲ။
..........................
ရေဖျဉ်းပျောက်တဲ့ ဆေးမြီးတိုတွေ အများကြီး အင်တာနက်မှာ တွေ့နိုင်တယ်။ တချို့နည်းတွေက တကယ်ပျောက်ချင်လည်း ပျောက်မှာပဲ။ ဒါပေမဲ့ ရေဖျဉ်းစွဲတာဟာ အဲဒီလို သူ့ချည်းကို ပျောက်အောင် ကုရုံနဲ့ မလုံလောက်ဘူး။ ဘာလို့လဲဆိုတော့ ရေဖျဉ်းစွဲတာဟာ ရောဂါမဟုတ်ဘူး။ သူက ရောဂါလက္ခဏာတစ်ခုပဲ။ ဥပမာ ခင်ဗျား သွားကိုက်တဲ့အခါ သွားကိုက်တာက ရောဂါမဟုတ်ဘူး။ သွားပိုးစားတာကမှ ရောဂါ။ သွားပိုးစားတာကို ကုရမှာ။ သွားကိုက်တာကို ကုလို့မရဘူး။
.
ရေဖျဉ်းစွဲခဲ့ရင် အကြောင်းရင်းကို ရှာရမယ်။ ကင်ဆာကြောင့်လား။ အသည်းရောဂါကြောင့်လား။ အကြောင်းရင်းကို ကုရမှာ။
.
တကယ်လို့ ရေဖျဉ်းစွဲတာက ခင်ဗျားကို မသက်မသာ ဖြစ်စေတယ်ဆိုပါစို့။ ဗိုက်ကြီးတင်းကားနေလို့ အသက်တောင် ကောင်းကောင်းမရှူနိုင်တော့ဘူး။ အဲဒါမျိုးဆိုရင်တော့ ရေဖျဉ်းအတွက် ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးသောက်ချင်သောက်၊ ဒါမှမဟုတ် ဆရာဝန်က ဗိုက်ထဲက ရေတွေကို ဖောက်ထုတ်ပေးဖို့လိုရင် ဖောက်ထုတ်ပေးပါလိမ့်မယ်။
.
အဲဒီလို ဖောက်ထုတ်ပေးတာဟာ နာကျင်မှု မရှိလှပါဘူး။ အပ်သေးသေးလေးနဲ့ ဆရာဝန်က ပိုးမွှားသန့်စင်ထားတဲ့ ၀မ်းဗိုက်တစ်နေရာမှာ အာထရာဆောင်းအကူအညီနဲ့ အထိအခိုက်မရှိအောင် ဖောက်ပေးမှာ ဖြစ်ပါတယ်။ ၅ လီတာ အထိ ဖောက်ပေးလို့ရပါတယ်။ မိနစ်ပိုင်းလောက်ပိုင်း အချိန်ပေးရပါလိမ့်မယ်။ အဲဒီအတွက် ဆေးရုံတက်စရာမလိုပါဘူး။
.
အစားအသောက်ဘယ်လိုဆင်ခြင်ရမလဲ
.......................
အကောင်းဆုံးကတော့ ဆားလျှော့စားတာပါပဲ။ တစ်နေ့ကို ဆား ၂ ဂရမ်ထက် ပိုမစားရဘူးပြောတယ်။ ဟင်းချက်ရင် ဆားလျှော့ထည့်ပါ။ အငန်တွေ မစားပါနဲ့တော့။ ငါးပိရည် စတာတွေ လုံးဝရှောင်လိုက်ပါ။ ဆားဖြူးစားတာတို့ ဘာတို့ မလုပ်ပါနဲ့တော့။
.
အကြောင်းကတော့ ဆားများရင် ကိုယ်ထဲမှာ ရေဓာတ်တွေကို ပိုများစေတယ်။ အဲဒီရေဓာတ်တွေက နောက်ဆုံးတော့ သွေးကြောထဲမှာ မနေဘဲ ၀မ်းခေါင်းထဲရောက်သွားပြီး ရေဖျဉ်းစွဲတာ ပိုဆိုးစေမှာ မို့လို့ပါပဲ။
.
ရေဖျဉ်းစွဲတာ ပျောက်နိုင်လား။
..............
ခုနက ပြောခဲ့သလိုပဲ ရေဖျဉ်းစွဲရခြင်းရဲ့ အကြောင်းရင်းကို ရှာပြီး အဲဒီရောဂါကို သက်သာအောင် ကုသပေးရမှာပါ။ အသည်းခြောက်တာကို သက်သာအောင် ကုရမယ်။ အသည်းအစားထိုးကုသဖို့ လိုအပ်ရင် လုပ်ရမယ်။ နှလုံးရောဂါကြောင့် ဆိုရင်လည်း နှလုံးရောဂါကို သက်သာအောင် ထိန်းထားနိုင်အောင် ကုရမယ်။ ကင်ဆာကြောင့်ဆိုရင်လည်း အဲဒီ ကင်ဆာကို ကုသရပါမယ်။
.
ဒါကြောင့် မူလရောဂါကို ပျောက်အောင် ကုနိုင်မယ်ဆိုရင် ရေဖျဉ်းစွဲတာ ပျောက်နိုင်ပါတယ်။ ဒါပေမဲ့ ရောဂါအများစုက ကုလို့ခက်တဲ့ အခြေအနေမှာ ရှိရင်တော့ ခုနပြောခဲ့သလိုပဲ ဆေးသောက်ဖို့လိုရင်သောက်၊ ပုံမှန်ဖောက်ထုတ်ဖို့လိုရင် ဖောက်ထုတ်ရပါလိမ့်မယ်။ ဆေးတွေထဲမှာတော့ စပိုင်ရိုနိုလက်တုန်း၊ ဖျူရိုးဆမိုက်စတဲ့ ဆီးဆေးတွေကို အဓိကသုံးပါတယ်။
.
ရေဖျဉ်းစွဲတာရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
...............
ဝမ်းဗိုက်ထဲက ရေပမာဏ သိပ်များနေရင် ရင်ဘတ်ကို တက်ဖိနိုင်တဲ့အတွက် အသက်ရှူမရတာမျိုးတွေ ဖြစ်တတ်တယ်။ တခါတလေ အရည်တွေထဲမှာ ရောဂါပိုးတွေ ၀င်တတ်တယ်။ အဲဒါမျိုးတွေကြောင့် ရေဖျဉ်းစွဲတာကို ပစ်မထားပဲ ကုသပေးသင့်တာပါ။
.
ရေဖျဉ်းစွဲတာကို ဘယ်လိုကာကွယ်ရမလဲ။
....................
ရေဖျဉ်းမစွဲချင်ရင် ရေဖျဉ်းစွဲခြင်းရဲ့ အကြောင်းရင်း ရောဂါတွေ မဖြစ်အောင် ကြိုပြီး ကာကွယ်ရပါမယ်။ ဥပမာ - အသည်းခြောက်ခြင်းမှ ကာကွယ်ဖို့ အရက်မသောက်တာမျိုး။ နှလုံးရောဂါ အစပိုင်းမှာ ဂရုစိုက်ပြီး အစားအသောက် အနေအထိုင် ဆင်ခြင်တာမျိုး၊ ဆေးမှန်မှန်သောက်တာမျိုး။ ကင်ဆာရောဂါအစပိုင်းမှာ အချိန်မီ ဆေးကုသမှု ခံယူတာမျိုး။
.
အယူအဆမှားများ
............
ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြားဖူးတဲ့ ထမင်းစားပြီး ရေချိုးရင် ရေဖျဉ်းစွဲတယ်ဆိုတဲ့ အယူအဆမျိုးဟာ မဟုတ်ပါဘူး။ တကယ်တော့ ထမင်းစားပြီးတဲ့အခါ သွေးလည်ပတ်မှုက အစာအိမ်ဆီမှာ ရှိနေသင့်တယ်။ အဲဒါကို ရေချိုးလိုက်တဲ့အခါမှာ သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့ ရှေးလူကြီးတွေက ပြောခဲ့တာ ထင်ပါတယ်။ တကယ်တော့ ထမင်းစားပြီး ရေချိုးရုံနဲ့ ရေဖျဉ်းမစွဲနိုင်ပါ။
.
.
Credit - ကိုချမ်း

No comments:

Post a Comment