Saturday, July 13, 2019

ယောက်ကျားပဲကွာ Fatty Liver လေးရှိတာလောက်တော့ ဘာဆန်းလို့လဲ?.......

ယောက်ကျားပဲကွာ Fatty Liver လေးရှိတာလောက်တော့ ဘာဆန်းလို့လဲ?.......................

တနေ့ တနေ့ စားနေတဲ့ အဆီတွေ သုံးနေတဲ့ ဆီတွေ ဒီလောက်များတာ အသည်းအဆီဖုံးတာလောက်ကတော့ ရှိမှာပေါ့ …………………

အသည်းအဆီဖုံးတာလေးများ အစမ်းလုပ်လို့ ရောဂါမှမဟုတ်တာ………….

ကိုယ်တွေက LCD လေ အဆီဆိုလို့ ဘာမှမရှိဘူး အသည်းအဆီဖုံးတာမဖြစ်နိုင်ပါဘူး ……………

အထက်ပါအကြောင်းအရာတို့သည် နေ့စဉ် လူမှုပတ်ဝန်းကျင်မှာ ကြားနေရသော စကားများ နှင့် အယူအဆများဖြစ်ပါသည်။

✔️အမှန်တကယ်ရော ကျွန်တော်တို့ အသည်းအဆီဖုံးလာတယ်ဆိုတာ အရေးမကြီးသော သာမာန်ဖြစ်ရပ်တစ်ခုလို့ ယူဆထားကြသလား?

✔️မြန်မာနိုင်ငံဓလေ့ စားသောက်မှု ပုံစံနဲ့ လူတိုင်း အသည်းအဆီဖုံးခြင်းသည် အနည်းနဲ့ အများ ရှိနေနိုင်သည်ဆိုကာ သတိထားရမည့် အကြောင်းအရာတစ်ခုအနေနဲ့ မသတ်မှတ်ကြတော့ပြီလား?

✔️အသည်းအဆီဖုံးခြင်းသည် အဝလွန်နေသောသူတွေမှသာ ဖြစ်ပြီး  သာမာန် ကိုယ်အလေးချိန် ရှိသော သူများတွင် မဖြစ်နိုင်ရထင်နေပါသလား?

✔️အသည်းခြောက်တယ် အသည်းကင်ဆာဖြစ်တယ်.. ဘာကြောင့် ဖြစ်လာသလဲ? ဆိုတဲ့ အကြောင်းရင်းတွေထဲ အရက်ကြောင့် နှင့် အသည်းရောင် အသားဝါ ပိုးများကြောင့် လို့သာ မှတ်ယူထားပြီး အသည်းခြောက်စေသော  အသည်းကင်ဆာဖြစ်စေသော အကြောင်းရင်းတွေထဲမှ တစ်ခုဖြစ်သည့် Non Alcoholic Fatty Liver diseases (NAFLD) (အရက်ကြောင့် မဟုတ်ပဲ အသည်းအဆီဖုံးဖြစ်စေနိုင်သော ရောဂါ) ကို လျစ်လျူမိနေသော သူ မည်မျှရှိနေပြီလဲ?

CME (ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ရေး အခန်းအနား) တစ်ခုတွင် အသည်းဆရာဝန်ကြီးတစ်ဦးမှ “Fatty liver is a neglected subject in past 5 years” ဟု ဆိုခဲ့ပါသည်။

ဆိုလိုရင်းမှာ လွန်ခဲ့သော ၅ နှစ်ကျော် ၁၀ နှစ်ဝန်းကျင်တွင် လူအများစုသည် အခြားရောဂါများတွက် ဆေးကုရင်းဖြစ်စေ၊ Medical check up လုပ်ရင်းဖြစ်စေ၊ အကြောင်းတစုံတရာကြောင့် NAFLD - Nonalcoholic Fatty Liver Disease (အရက်ကြောင့် မဟုတ်ပဲ အသည်းအဆီဖုံးဖြစ်စေနိုင်သောရောဂါ) ဖြစ်သည်ကို သိရှိခဲ့ပါသော်လည်း ဆရာဝန်များ ညွှန်ကြားသည့်အတိုင်းလိုက်နာမှု မရှိပါပဲ အလေးမထားခဲ့ကြသည့်အတွက် လက်ရှိတွင် အသည်းအဆီဖုံးခြင်း၏ နောက်ဆက်တွဲ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်ပွားခြင်းတို့ မြင့်တက်နေကြောင်း တင်ပြသွားခဲ့ပါသည်။

သို့ပါသောကြောင့် MMDC & LUDU Laboratories မှ ပြည်သူလူထု ကျန်းမာရေးအသိအား တဖက်တလမ်းမှ တိုးမြင့်စေရေး ရည်ရွယ်ကာ Non Alcoholic Fatty Liver diseases (NAFLD) (အရက်ကြောင့် မဟုတ်ပဲ အသည်းအဆီဖုံးဖြစ်စေနိုင်သော ရောဂါ) အကြောင်းအား ကျန်းမာရေး ဗဟုသုတ အနေဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။

---------------------------------------------------------------------------------
✔️ကမ္ဘာပေါ်မှ အသည်းရောဂါ ဘယ်လောက်ထိဖြစ်ပွားနေပါသလဲ?

ဒေတာများအရ နှစ်စဉ် ကမ္ဘာပေါ်ရှိ လူသေဆုံးမှုများတွင် အသည်းရောဂါများကြောင့်သေဆုံးမှုသည် ၃.၅% ခန့်ရှိပါသည်။
အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာကြောင့် သေဆုံးမှုသည် အဆင့် ၁၁ နှင့် ၁၆ နေရာတွင် ရပ်တည်လျက်ရှိပါသည်။

အာရှနိုင်ငံများတွင် အသည်းခြောက်ရောဂါ (Cirrhosis of Liver) ဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းမှာ အသည်းရောင် အသားဝါ “B” ပိုးကြောင့်ဖြစ်ပြီး အနောက်နိုင်ငံများနှင့် ဖွံဖြိုးပြီး နိုင်ငံများတွင် အရက်ကြောင့် အသည်းခြောက်ခြင်း နှင့် အရက်ကြောင့် မဟုတ်ပဲ အသည်းအဆီဖုံးဖြစ်စေနိုင်သော ရောဂါ (Non-alcoholic Fatty Liver diseases- NAFLD) တို့က အဓိကအကြောင်းရင်းဖြစ်သည်

✔️ NAFLD - Non-alcoholic Fatty Liver diseases  (အရက်ကြောင့် မဟုတ်ပဲ အသည်းအဆီဖုံးဖြစ်စေနိုင်သော ရောဂါ)?

အဝလွန်ခြင်း နှင့် သွေးချိုဆီးချိုရောဂါသည် NAFLD ဖြစ်ပွားစေသော အဓိကအကြောင်းရင်းဖြစ်ပါသည်။

Ohio Solid Organ Transplantation Consortium မှ ပြုလုပ်ထားသော Liver transplant data များအရ အသည်းအစားထိုးကုသမှု ခံယူထားသော လူနာများတွင် အသည်းရောဂါဖြစ်ပွားခြင်း၏ အဓိကအကြောင်းရင်း သုံးခုမှာ Viral Hepatitis C infection (အသည်းရောင် အသားဝါ “C” ပိုး)၊ အရက်ကြောင့် အသည်းခြောက်ခြင်း (Alcoholic Cirrhosis) နှင့် NASH – Nonalcoholic setatohepatitis (အရက်ကြောင့် မဟုတ်ပဲ အသည်းဆဲလ်များ ရောင်ယမ်းခြင်း)တို့ ကြောင့် ဖြစ်ပါသည်။

လက်ရှိအခြေတွင်တွင် Viral Hepatitis C infection (အသည်းရောင် အသားဝါ “C” ပိုး) တွက် ကုသရန်နည်းလမ်းများ ဆေးဝါးသစ်များ ပေါ်ထွက်လာနေပြီဖြစ်ပါသောကြောင့် မကြာမီကာလတွင် NASH – Nonalcoholic setatohepatitis (အရက်ကြောင့် မဟုတ်ပဲ အသည်းဆဲလ်များ ရောင်ယမ်းခြင်း) ကြောင့် နောက်ဆက်တွဲ အသည်းခြောက်ခြင်းဖြစ်ပွားကာ အသည်းအစားထိုးရမှုသည်သာ အဓိကအကြောင်းရင်းဖြစ်လာဖွယ်ရှိပါသည်။
လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုအတွင်း ပြောင်းလဲလာသော နေထိုင်စားသောက်မှု ပုံစံများကြောင့် အရှေ့တောင် အာရှနိုင်ငံများတွင်လည်း NAFLD ဖြစ်ပွားနှုန်း သိသိသာသာ မြင့်တက်လာလျက်ရှိပါသည်။

✔️Non alcoholic Fatty Liver diseases- NAFLD (အရက်ကြောင့် မဟုတ်ပဲ အသည်းအဆီဖုံးဖြစ်စေနိုင်သော ရောဂါ) ဖြစ်ပွားစေသော အကြောင်းရင်းများ?

နေထိုင်စားသောက်မှု ပုံစံနှင့် မျိုးရိုးဗီဇသည် Non-alcoholic Fatty Liver diseases- NAFLD ဖြစ်ပွားရခြင်း၏ အခြေခံ အကြောင်းရင်းတွင်ပါဝင်ပါသည်။

ဖြစ်ပွားစေသော အကြောင်းအရာများမှာ-
(၁) အသက်အရွယ် ကြီးလာသည်နှင့် ရောဂါဖြစ်ပွားနိုင်ခြေ ပိုများလာခြင်း။
(၂) အဝလွန်ခြင်း နှင့် သွေးချိုဆီးချိုရောဂါ အပါအဝင် အခြားသော Metabolic syndrome များရှိခြင်း။
(၃) ကျား/မ - အမျိုးသမီးများတွင် Fibrosis ဖြစ်နိုင်ခြေပိုများခြင်း။
(၄) အစားအသောက်ပုံစံ - ကိုလက်စထရော နှင့် ပြည့်ဝဆီ စားသုံးမှုများပြားခြင်း၊ ကာဗွန်ဟိုက်ဒရိတ်ဓါတ်ပါသော အစားအစာများစားသုံးမှု နည်းခြင်း။
(၅) မျိုးရိုးဗီဇ စသည့် အကြောင်းအရာများပါဝင်ပါသည်။

✔️NAFLD: Disease spectrum (ရောဂါ ဖြစ်ပွားပုံ အဆင့်ဆင့်)

 Healthy Liver > NAFL > NASH > Cirrhosis > HCC

-Healthy Liver (ရောဂါကင်းစင်ပြီး ကျန်းမာနေသော အသည်း) သည် အထက်ဖော်ပြပါ ရောဂါဖြစ်ပွားစေသော အကြောင်းရင်းများနှင့် ထိတွေမှု များပြားလာသည့်အခါ ပထမအဆင့် အနေဖြင့် NAFL (Nonalcoholic Fatty Liver) (Hepatic Steatosis - အသည်းဆဲလ်များအတွင်း ပိုလျှံနေသော အဆီစုများစုဝေးခြင်း) ဖြစ်ပေါ်လာပါသည်။

- အချိန်ကြာလာသည်နှင့် အမျှ အသည်းဆဲလ်များ ပျက်စီးမှု ဖြစ်လာကာ NASH-Non alcoholic setatohepatitis (အရက်ကြောင့် မဟုတ်ပဲ အသည်းဆဲလ်များ ရောင်ယမ်းခြင်း) ဖြစ်လာပါသည်။

- ရောင်ယမ်းမှု ဖြစ်စဉ် အကြိမ်ရေများပြီး ကာလကြာလာသည်နှင့် အမျှ အသည်းပျက်စီးမှု ဖြစ်ပေါ်ကာ နောက်ဆက်တွဲ အနေဖြင့် Cirrhosis of Liver (အသည်းခြောက်ခြင်း) နှင့် HCC – Hepatocellular Carcinoma (အသည်းကင်ဆာ) ဖြစ်လာနိုင်ပါသည်။

✔️ရောဂါရှိကြောင်း မည်သို့ သိနိုင်ပါသလဲ?
ကနဦးကာလများတွင် ရောဂါလက္ခဏာ မပြပဲရှိနေနိုင်ပါသောကြောင့် ရောဂါရှိကြောင်း မသိကြသည်ကများပါသည်။
- အခြားသော ရောဂါများကုရင်းဖြစ်စေ (အသည်းအင်ဇိုင်းများတက်နေခြင်း၊ တီဗီဓါတ်မှန်တွင် အသည်းအဆီဖုံးနေကြောင်း တွေ့ရှိခြင်း နှင့် အသည်းကြီးနေခြင်းကို စမ်းသပ်မိခြင်း)
-  Medical checkup လုပ်ရင်းဖြစ်စေ
စသဖြင့် မထင်မှတ်ပါပဲ တွေ့ရတတ်ပါသည်

✔️ရောဂါရှိမရှိ မည်သို့ စစ်ဆေးနိုင်ပါသလဲ?
(၁) အသည်း၏ လုပ်ငန်းဆောင်တာများ စစ်ဆေးခြင်း (Liver function tests)
(၂) တီဗီဓါတ်မှန် (USG – Abdo)
(၃) Computed tomography
(၄) Magnetic resonance imaging (MRI)
(၅) Fibro scan
(၆) Liver Biopsy
သက်ဆိုင်ရာဆရာဝန်များနှင့် တိုင်ပင်ကာ ဆရာဝန် ညွှန်ကြားချက်များအတိုင်း လိုအပ်သည်များကို လိုက်နာစစ်ဆေးနိုင်ပါသည်။

✔️ရောဂါရှိလျင် မည်သို့ ကုသမည်နည်း၊?
အသည်းကျန်းမာအောင် မည်သို့ နေထိုင်ကြမည်နည်း?

သက်ဆိုင်ရာဆရာဝန်များနှင့် တိုင်ပင်ကာ ဆရာဝန် ညွှန်ကြားချက်များအတိုင်း သေချာစွာလိုက်နာရန် လိုအပ်ပါသည်။

✔️ Life style Modification (လူနေမှု ဘဝပုံစံပြောင်းလဲခြင်း)

Diet
- နေ့စဉ် လိုအပ်သည့် ကယ်လိုရီကို သေချာတွက်ချက်ပြီး စားသုံးခြင်းသည် အဓိက လိုက်နာရမည့်အချက်ဖြစ်ပါသည်။ လိုအပ်သော ပမာဏထက်ပိုမစားမိစေရန် အရေးကြီးပါသည်။
- လိုအပ်သော ကယ်လိုရီ တွက်ခြင်းအား တတ်ကျွမ်းနားလည်သော သူများနှင့် တိုင်ပင်ကာ အကြံဥာဏ်ယူသင့်ပါသည်။
- ကာဗွန်ဟိုက်ဒရိုက်ပါသော အစားအစာများအား လိုအပ်သည်ထက် ပိုမို စားသုံးခြင်းမပြုရန်။ (ဥပမာ - White/brown bread, rice, White/orange potatoes, Flour/corn tortillas, Pizza/pasta, Chips, Fructose-containing sodas and juices)
- Pure coffee (Caffeine 100 mg/cup/two times/day) - သကြား၊ နို့ဆီ မပါသော ကော်ဖီစစ်စစ်ကို သောက်သုံးခြင်းဖြင့် အသည်းကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေပါသည်။

Regular exercises
- ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း (ဥပမာ - လမ်းလျှောက်ခြင်း) သည် အသည်း၏လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေပါသည်။
- အဝလွန်နေသူများ အနေဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ခန္ဓာကိုယ်အလေးချိန်အား သိသိသာသာ လျော့ချရန်လိုအပ်ပါသည်။ လေ့လာချက်များအရ ကိုယ်အလေးချိန် လျော့ချနိုင်ခြင်းသည် အသည်းဆဲလ်များ ပြန်လည်ကောင်းမွန်လာအောင် တည်ဆောက်ရာတွင် များစွာတိုးတက်မှုရှိကြောင်းတွေ့ရှိရပါသည်။

✔️ကလေးများနှင့် NAFLD
- ၁၉၆၀ ခုနှစ်တွင် ကလေးသူငယ်ဦးရေ၏ ၅%သည်သာ အဝလွန်ရောဂါဖြစ်ခဲ့သော်လည်း ၂၀၁၀ ခုနှစ် ဒေတာအရတွင် ကမ္ဘာကလေးသူငယ်ဦးရေ၏ ၁၆.၉% သည် အဝလွန်ရောဂါဖြစ်နေကြောင်းတွေ့ရှိရသည်။
- ကျောင်းနေအရွယ်ကတည်းက အဝလွန်ရောဂါ ဖြစ်ပွားသော ကလေးငယ်များနှင့် အရွယ်ရောက်ပြီးမှ အဝလွန်ရောဂါစတင်ဖြစ်ပွားသူများကို နှိုင်းယှဉ်ကြည့်ပါက ကျောင်းနေအရွယ်ကတည်းက အဝလွန်ရောဂါ ဖြစ်ပွားသော ကလေးငယ်များတွင် NAFLD ဖြစ်ပွားနှုန်းပိုမိုများပြားကြောင်းတွေ့ရှိရပါသည်။
- ငယ်ရွယ်စဉ် အဝလွန်ခြင်းသည် အသက်ကြီးလာသည့်အခါ အသည်းကင်ဆာဖြစ်ပွားရန် ပိုများပါသည်။

✔️ပုံမှန် ကိုယ်အလေးချိန်ရှိသော သူများမှာရော NAFLD ဖြစ်နိုင်ပါသလား?
- ဖြစ်နိုင်ပါသည်။
- Lean NAFLD (or) Non obese NAFLD ဟုခေါ်သည်
- BMI <25 kg/m2 ရှိသောသူများတွင်လည်း ရောဂါဖြစ်နိုင်ပါသည်။
- BMI နည်းသော်လည်း ခါးတွင် အဆီစုသောသူများနှင့် အတွင်းကလီစာများတွင် အဆီစုခြင်း (Visceral fat) ရှိသောသူများတွင်လဲ ရောဂါဖြစ်နိုင်ပါသည်။

သို့ပါသောကြောင့် လူတိုင်းလူတိုင်း ကျန်းမာပျော်ရွှင်သော လူနေမှုဘဝရရှိစေရန်၊ ရောဂါဘယကင်းဝေးစွာနေထိုင်နိုင်စေရန်၊ အနာသိဆေးရှိ အချိန်မီ ရောဂါရှာဖွေနိုင်သော ခေတ်ကာလတွင် စောလျင်စွာ ရောဂါရှာဖွေနိုင်ပြီး မှန်ကန်သော ကုသမှုရရှိစေရန်  ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အသည်းရောဂါများနှင့် ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးလိုသည်ဖြစ်စေ၊ လိုအပ်သော အခြေခံ ကျန်းမာရေးစစ်ဆေးမှုများကို စစ်ဆေးလိုသည်ဖြစ်စေ MMDC & LUDU Laboratories ရုံးခွဲများတွင် စစ်ဆေးနိုင်ပါသည်။

References
Asrani SK et al: Journal of Hepatology 2019 vol.70J 151-171
AASLD practice Guideline for NAFLD, 2018
Quillin RC 3rd, et al. Surgery. 2014;156:1049-1056
De Alwis NM, et al. Dig Dis. 2016;34:19-26
Frontline Gastroenterol: first published as 10.1136/flgastro-2013-100403 on 24 December 2013
Younossi et al; Global burden of NAFLD and NASH: trends, predictions, risk factors and prevention
Gastroenterology & Hepatology Volume 15 | January 2018

MMDC & LUDU Laboratories
Public Health Education Purpose Only

No comments:

Post a Comment